ထူးခြားဆန်းပြား World Gurning Championships ပြိုင်ပွဲများ

18 December 2016
ထူးခြားဆန်းပြား World Gurning Championships ပြိုင်ပွဲများ

ဒီတစ်ပတ်မှာတော့ World Gurning Championships ပြိုင်ပွဲအကြောင်းကို ပြောပြပေးမှာပါ။ မျက်နှာကိုအရုပ်အဆိုးဆုံးဖြစ်အောင်လုပ်ပြရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

ပြိုင်ပွဲဝင်သူတွေဟာ ကိုယ့်ရဲ့မျက်နှာကို ရုပ်အဆိုးဆုံးဖြစ်အောင် ရှုံ့မဲ့ပြကြရပြီး ရုပ်အဆိုးဆုံးသူကို ပရိသတ်တွေက ရွေးချယ်ကြ ပါတယ်။ ဒီပြိုင်ပွဲကိုအင်္ဂလန်နိုင်ငံ ကန်ဘရီယာက အက်ရီမွန့်မြို့မှာ ခရပ်ဖ်ဖဲစျေးပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နှစ်စဉ် ကျင်းပနေပါတယ်။ ဒီပွဲတော်ကို ၁၂၆၇ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့တာဖြစ်လို့ လာမယ့်နှစ်စဉ်ဆိုရင် နှစ်ပေါင်း ရ၅၀ ပြည့်တော့မှာဖြစ်ပါတယ်။

ပြိုင်ပွဲကို အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသားပြိုင်ပွဲဆိုပြီး သတ်မှတ်ထားပါတယ်။ ပြိုင်ပွဲစည်းမျဉ်းအရ မိတ်ကပ်အထူးပြုလုပ်ချက်နဲ့ ဝင်ပြိုင်လို့မရပါဘူး။ ဒါပေမဲ့ သွားပေါက်ပုံမှားယွင်းနေတဲ့သူတွေ သွားမရှိတဲ့သူတွေကိုတော့ ဝင်ပြိုင်ခွင့်ပြု ထားပါတယ်။ ပြိုင်ပွဲဝင်သူတွေဟာ လည်ပင်းမှာမြင်းဇက်ကြိုးတပ်တဲ့အဝိုင်းကြီးတွေကိုဆွဲထားရပြီး မျက်နှာကြွက်သားတွေကို အစွမ်းကုန်ရှုံ့မဲ့ပြီး ရုပ်မဆိုး ဆိုးအောင် ယှဉ်ပြိုင်ကြရပါတယ်။

ပြိုင်ပွဲဝင်တွေထဲက ပီတာဂျက်မန်းဆိုသူဟာ ၁၉၉၈ ကစပြီး ကမ္ဘာ့ချန်ပီယံလေးကြိမ်ဖြစ်ပြီးနောက် အင်္ဂလန်မှာနာမည်ကြီးလာခဲ့ ပြီး ရုပ်သံဇာတ်လမ်းတွေမှာလည်း သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ သူဟာ မျက်နှာကိုအလွယ်တကူရုပ်ဆိုးအောင်ပိုလုပ်နိုင်ဖို့ ၂၀၀၀ ခုနှစ်မှာ သူ့ရဲ့သွားတွေကို နုတ်ပစ်ခဲ့ပါတယ်။ ဂင်းနစ်စံချိန်ဝင်သူကတော့ အင်္ဂလန်က ၁၅ ကြိမ်ချန်ပီယံ တွမ်မီ မတ်တင်ဆင်ပါ။ အမျိုးသမီးတွေထဲမှာတော့ အန်နီ ဝုဒ်စ်က ချန်ပီယံဆုကို ၂၈ ကြိမ်အထိရထားပါတယ်။
ညို့သကျည်းကန်ပြိုင်ပွဲ၊ ဘော့စနော့ကလင်းပြိုင်ပွဲနဲ့ ဒိန်ခဲလှိမ့်ပွဲတော်တွေအပါအဝင် ၂၁ ရာစုဗြိတိန်အကြောင်းရေးသားခဲ့တဲ့ အမေရိကန်စာရေးဆရာ ဒေ့ချ်နာကတော့ ရုပ်အဆိုးဆုံးချန်ပီယံတွေဟာ သူတို့လိုချင်တဲ့မျက်နှာမျိုးမရမခြင်း အမျိုးမျိုးစမ်းသပ် လေ့ကျင့်ရလို့ အိုလံပစ်ချန်ပီယံတွေ လေ့ကျင့်ရသလိုပဲ ခက်ခဲပင်ပန်းတယ်လို့ ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly