မြို့ပတ်ရထားပေါ်က စျေးသည်တွေ ဘယ်လိုအခက်ခဲတွေရှိနေလဲ

မြို့ပတ်ရထားပေါ်က စျေးသည်တွေ ဘယ်လိုအခက်ခဲတွေရှိနေလဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ။             ။ ရန်ကုန်မြို့ရဲ့ နေ့စဉ် ပြေးဆွဲနေတဲ့ မြို့ပတ်ရထား ဆင်ခြေဖုန်းရထားပေါ်မှာ တက်ချီတစ်ခါ ဆင်းချီတစ် လှည့်နဲ့ နေ့စဉ် ထမင်းစားရဖို့အတွက် အသက်မွေးရုန်းကန် နေရတဲ့ စျေးသည်တွေအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ စျေးသည်တစ်ချို့ကိုမေးကြည့်ရသလောက် သူတို့ရဲ့ အလုပ်က သိပ်ပြီးလွယ်ကူလှတာတော့ မဟုတ်ပါဘူး။

သူတို့ကိုယ် သူတို့တော့ ရထားစျေးသည်တွေလို့ ပြောဆိုကြပါတယ်။ ဒီမှာစျေးရောင်းတဲ့ သူတော်တော်များများကအရင်က ရန်ကုန်ဘူတာကြီးမှာစျေးရောင်းတာဖြစ်ပြီး ဘူတာကြီးမှာစျေးရောင်းချခွင့် မပြုတော့တဲ့ နောက်ပိုင်း ဒီလိုရထားတွဲတွေပေါ်မှာ အဆင်ပြေသလိုစျေးရောင်းချရတဲ့ အခြေနေမျိုးကိုရောက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အခုမေးမြန်းထားတဲ့ စျေးသည်အမျိုးသားကြီးဆို ရန်ကုန်ဘူတာကြီးမှာ စျေးရောင်းခွင့် တားဆီးခံခဲ့ရတုန်းက ဖြစ်ရပ်ကို အခုလိုပြောပြလာပါတယ်။

"ဖမ်းပြီးတော့ ပစ္စည်းတွေ သိမ်းတယ် ဖျက်ဆီးတယ် သူတို့ကစျေးသည်ကို ပပျောက်အောင်လုပ်တယ်ဆိုပြီး စျေးပစ္စည်းတွေကို ထုချေဖျက်ဆီးတယ် ၊စျေးသည်တွေကိုနှိပ်စက်တာပေါ့ ပြောရမယ်ဆိုရင် ဥပဒေနဲ့ စျေးသည်တွေကို ပပျောက်အောင်လုပ်တာပေါ့ အထက်က ခိုင်းတာလို့ပြောတယ် အဘတို့ဆိုလည်းပါသွားတာပဲ တစ်သိန်းခွဲဖိုးလောက်ရှိတယ် ၂၀၁၅ ၃လပိုင်း ၃၁ ရက်နေ့က.."ဒါပေမယ့် အခုလိုမျိုးရထားပေါ်မှာလူးလာခေါက်တုံ့ သွားလာနေတဲ့ ရထားစျေးသည်တွေက တရားဝင်တော့ မဟုတ်ဘူးလို့သိရပါတယ်။ ရထားပေါ်က တာဝန်ရှိသူတွေနဲ့ အလျဉ်းသင့်သလို   ပေါင်းသင်းဆက်ဆံနေရသလို နားလည်မှုနဲ့လည်း အလုပ်လုပ်ကိုင်နေရတာဖြစ်ပါတယ်။ အခုအမေးအဖြေလုပ်ထားတဲ့ စျေးသည်အမျိုးသားဆို ရထားပေါ်မှာ သူတို့စျေးရောင်းရတာက ပိုအဆင်ပြေပြီး တာဝန်ရှိသူတွေက နေရာပေးမယ်ဆိုရင်တောင် မလိုချင်ဘူူးလို့ ပြောလာပါတယ်။

"အစိုးရပေးမယ်ဆိုတာမဖြစ်နိုင်တဲ့ နေရာတွေမှာလျှောက်ပေးရင် အကုန်လုံးလူတွေကို သတ်နေတာနဲ့အတူတူပဲ။ ကျွန်တော်တို့ကမရှိဆင်းရဲသားတွေ အိမ်မှာမိသားစုတွေအများကြီးပဲ။ စျေးသည် တစ်ယောက်ကို ဒုက္ခပေးလိုက်ရင် စျေးသည်အယောက်တစ်ရာ စျေးသည်အယောက်တစ်ရာမှာဆို ၅ယောက်ရှိမယ် ၆ ယောက်ရှိမယ်၊ ရ ယောက်ရှိမယ် အယောက်တစ်ရာဆို လူအယောက် ရ၀၀၀လောက်ဖြစ်သွားပြီ။ သူတို့ကအောက်ခြေထိ မလေ့လာဘဲလုပ်တဲ့အခါကြတော့ အောက်ခြေကလူတွေက နင်းပြားတွေဆိုတော့ အကုန်ခံစားရတယ်။" လို့ ရထားပေါ်က စျေးသည် ကိုပန်းသီးက ရင်ဖွင့်ပါတယ်။

ဒီလိုအခြေအနေတွေနဲ့ ပတ်သတ်ပြီး မဇ္ဈိမ စီးပွားရေးသတင်းဌာနက ရန်ကုန် တိုင်းမီးရထားရုံးက တာဝန်ရှိ်သူတစ်ဦးကို တွေ့ဆုံမေးမြန်းတာတွေလုပ်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ရထားဖွံ့ဖြိုးရေးတွေ လုပ်နေတာကြောင့် အမေးအဖြေလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly