သဘောတူညီချက် ရရှိထားသော်လည်း အီရန်နျူဗုံးမရရေး စစ်ရေးအရ အရေးယူနိုင်ဆဲဟု အမေရိကန်ပြောကြား

သဘောတူညီချက် ရရှိထားသော်လည်း အီရန်နျူဗုံးမရရေး စစ်ရေးအရ အရေးယူနိုင်ဆဲဟု အမေရိကန်ပြောကြား

ဝါရှင်တန်၊ ဇူလိုင် ၂၀ ။    ။ ယခုသီတင်းပတ်တွင် အီရန်နှင့် သဘော တူညီချက် ရရှိခဲ့သော်လည်း နျူကလီးယားဗုံး တစ်လုံးကို အီရန်က ပြုလုပ်မှုအား တားဆီးရန် စစ်ရေးအရအရေးယူမှုကို ပြလုပ်နိုင်ဆဲဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ကပြော ကြားလိုက်သည်။

အရှေ့အလယ်ပိုင်းခရီးစဉ်၏ ပထမဆုံးဖြစ်သည့် အစ္စရေးသို့သွားသည့် လမ်းခရီးတွင် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာ ကယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်နှင့် နျူကလီယားသဘောတူညီချက်ကို အဝေဖန်ဆုံးနိုင်ငံတစ်ခုဖြစ်သော အဓိကမဟာမိတ် အစ္စရေး၏ စိုးရိမ်မှုများကို သက်သာစေရန် ဝန်ကြီးက ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။ သို့သော်လည်း အစ္စရေးရှိ မည်သူတစ်ဦးတစ်ယောက်၏ သဘော ထားကိုမျှပြောင်းလဲမည်မဟုတ်ဟုလည်း မစ္စတာကာတာက ဝန်ခံသည်။

သို့သော်လည်း အစ္စရေးကိုကာကွယ်လိုသည့် အမေရိကန်၏ ဆန္ဒမှာ မှေးမှိန်မည်မဟုတ်ဆိုသည်ကိုမူ အလေးအနက်ပြောကြား ရန်၎င်းက ကြိုးပမ်းခဲ့သည်။

"ဒီသဘောတူညီချက်က ဘာ့ကြောင့်ကောင်းသလဲ ဆိုတဲ့တစ်ချက်က စစ်ရေးနည်းလမ်းရွေးချယ်မှုကို တားဆီးထားခြင်း မရှိလို့ပါ ဘဲ"ဟု မစ္စတာကာတာက သတင်းထောက်များကို ပြောကြားခဲ့သည်။ "ဒါက ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုပါ။

ဒီသဘောတူညီချက်က ဒေသတွင်းက အန္တရာယ်၊ ခြိမ်းခြောက်မှုနဲ့ မရေရာမှုဆိုတဲ့ အရေးကြီးတဲ့ အင်အားစုတစ်ခုကို ဖယ်ရှား ထားပါတယ်"ဟုလည်း ၎င်းကပြောသည်။

အီရန်နှင့် ကမ္ဘာ့အင်အားကြီးခြောက်နိုင်ငံတို့၏ သဘောတူညီချက်အရ အီရန်သည် ပိတ်ဆို့မှုသက်သာခွင့်အတွက် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ရမည်ဖြစ်သည်။ ယင်းသဘောတူညီချက်မှာ သမိုင်းဝင်အမှားကြီးတစ်ခုဖြစ်ပြီး အီရန်အတွက်နျူလက်နက်များပြုလုပ်ရန် လမ်းရှင်းပေးလိုက်ခြင်းဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကပြောကြားလျက်ရှိသည်။

မစ္စတာကာတာသည် ဇူလိုင် ၁၉က အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့သို့ရောက်ရှိခဲ့သည်။ ၎င်းသည် ဇူလိုင် ၂၀တွင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး မိုရှေယာလွန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဇူလိုင်၂၁တွင် နေတန်ယာဟုနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့နောက် မစ္စတာကာတာသည် အီရန်၏ အဓိကဒေသတွင်းပြိုင်ဘက် ဆော်ဒီအာရေးဘီယားသို့ သွားရောက်မည်ဖြစ်ပြီး ယင်းမှတဆင့် ဂျော်ဒန်သို့သွားရောက်မည်ဟု သိရသည်။ ယင်းခရီးစဉ်များအတွင်း မစ္စတာကာတာသည် အိုင်အက်စ်စစ်သွေး ကြွအဖွဲ့အား ကိုင်တွယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required