တပ်မတော်နှင့် KKO လက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲများဆက်ဖြစ်

တပ်မတော်နှင့် KKO လက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲများဆက်ဖြစ်
ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များကို ၎င်းတို့၏ ဌာနချုပ် ဆုံဆည်းမြိုင်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ကရင်နယ်ခြားစောင့်တပ် BGF နှင့် အစိုးရစစ်တပ် ပူးတွဲ နယ်မြေရှင်းလင်းရာမှ ကလိုထူးဘောကရင် အစည်းအရုံး KKO တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး အစိုးရတပ်များက လက်နက်များသိမ်းဆည်းနိုင်ခဲ့သည်ဟု တရုတ်ပိုင် ဆင်ဝှာသတင်းဌာနက ဇူလိုင် ၂၀ ၌ ဖော်ပြသည်။

ကော့ကရိတ်မြို့နယ်၊ ကောင်းမူရွာဖက်တွင် နယ်မြေရှင်းလင်းနေရာမှ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဖွဲ့က လက်နက်များ၊ ဗုံးသီးများ၊ ကျည်ဆန်များ၊ မြေမြုပ်မိုင်းများ နှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်က KKO လက်နက်ကိုင်တပ်ဖွဲ့ထံမှ လက်နက်များ သိမ်းဆည်းနိုင်ပြီး KKO လက်နက်ကိုင်နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆင်ဝှာသတင်းကဆိုသည်။

တပ်မတော်သတင်းတပုဒ်ကမူ ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အကြား ရှင်းလင်းရေးလုပ်စဉ် ကောင်းမူကျေးရွာ ဝန်းကျင်၌ တိုက်ပွဲ တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး လက်နက်မျိုးစုံ ၄ လက်၊ ဗုံးသီးမျိုးစုံ၊ မိုင်းမျိုးစုံ၊ ကျည်မျိုးစုံ၊ ကျည်အိမ်မျိုးစုံ၊ ဆန်အိတ်များနှင့်မော်တော် ဆိုင်ကယ်တစ်စီးတို့အား သိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ဇူလိုင် ၁၈ ရက်၌လည်း အစိုးရတပ်နှင့် ကရင် BGF ပူးတွဲတပ်တို့က ကော့ကရိတ်မြို့နယ်၊ ကောင်းမူကျေးရွာ ပတ်ဝန်းကျင်အား ရှင်းလင်းစဉ် ဗုံးသီးများ၊ ဆက်သွယ်ရေးတာဝါတိုင်၊ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြား များနှင့် သေနတ်မျိုးစုံ၊ ကျည်အိမ်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ကျည်ဆံနှင့် ဆန်များအား ထပ်မံသိမ်းဆည်းခဲ့သည်။

အစိုးရတပ်နှင့် ကရင် BGF ပူးတွဲတပ်သည် ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ Ref; Xinhua, Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags