ကျူးဘား-အမေရိကန် သံတမန် ဆက်ဆံရေး တရားဝင်ပြန်လည်ပြုလုပ်

ကျူးဘား-အမေရိကန် သံတမန် ဆက်ဆံရေး တရားဝင်ပြန်လည်ပြုလုပ်

ဝါရှင်တန်၊ ဇူလိုင် ၂၀ ။     ။ ကျူးဘားနှင့် အမေရိကန်တို့သည် ဆယ်စုနှစ်များစွာ ရန်လိုမှုကို ဘေးဖယ်ရေး လွန်ခဲ့သည့်နှစ်က ရရှိခဲ့သည့် သဘောတူညီချက်တစ်ခု အသက်ဝင်ပြီးနောက် သံတမန်ပြန်လည်ဆက်ဆံရေးကို တရားဝင်ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဇူလိုင် ၂၀ရက်နေ့အစောပိုင်းက နိုင်ငံတစ်ခုစီ၏ သံတမန်မစ်ရှင်များမှာ ပြည့်စုံသည့် သံရုံးများဖြစ်လာခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂွက်ဇ်နှင့် ဇူလိုင် ၂၀ရက်နေ့နောက်ပိုင်း တွင် ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ သမိုင်းဝင်ပြောင်းလဲမှုဖြစ်ခဲ့သော်လည်း အခက်အခဲများမှာ ရှိနေဆဲဖြစ်ကြောင်း နှစ်ဖက်စလုံးက ဝန်ခံထားသည်။

အမြင်ချင်းမတူသည့် ပြသနာများစွာရှိနေသေးကြောင်း အမေရိကန်နိုင်ငံခြားဋ္ဌာနပြောခွင့်ရသူတစ်ဦးက ပြောကြားခဲ့သည်။

ကျူးဘားသို့ သွားလိုသော အမေရိကန်များအပေါ် ကန့်သတ်မှုများရှိနေသကဲ့သို့ ကျူးဘားတွင် လုပ်ငန်းလုပ်လိုသော အမေရိကန် ကုမ္ပဏီများကို ပိတ်ပင်သည့် အမေရိကန်၏ ကုန်သွယ်ရေးပိတ်ဆို့မှုကျယ်ပြန့်စွာ ရှိနေသေးသည်။ အမေရိကန်၏ ကုန်သွယ်ရေး ပိတ်ဆို့မှုက ၎င်း၏စီးပွားရေးကို ထိခိုက်လျက်ရှိသည်ဟု ကျူးဘားက ပြောကြားသည်။

ယင်းကုန်သွယ်ရေးပိတ်ဆို့မှု ကိုရုပ်သိမ်းရန် ကျူးဘားသမ္မတရာအူးလ်ကက်စထရိုက အမေရိကန်သမ္မတ ဘားရက်အိုဘားမား အား တိုက်တွန်းလျက်ရှိပြီး ယင်းပိတ်ဆို့မှုက ပုံမှန်ဆက်ဆံရေးအတွက် အဓိကအတားအဆီးဖြစ်နေ သည်ဟုလည်း ပြောကြား လျက်ရှိသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက သံတမန်ဆက်ဆံရေးပြန်လည်ပြုလုပ်ရေး ဆောင်ရွက်မည်ဟု သမ္မတနှစ်ဦးစလုံး ကကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required