နေမာပြောပြတဲ့ MSN တိုက်စစ်အတွဲအစပ်ရဲ့ အောင်မြင်မှုအကြောင်း

နေမာပြောပြတဲ့ MSN တိုက်စစ်အတွဲအစပ်ရဲ့ အောင်မြင်မှုအကြောင်း

နေမာဆိုတာ လက်ရှိဘောလုံးကမ္ဘာရဲ့တိုက်စစ်မှူးတွေထဲက အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ လိမ္မာပါးနပ်တဲ့ ဂိုးသွင်းယူပုံ၊ လျှင်မြန်တဲ့ပြေးနှုန်း၊ လှပသိမ့်မွေ့တဲ့အလိမ်အခေါက် ဒါတွေက နေမာဆိုတဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးမှာ ရှိတဲ့ အရည်အချင်းတွေဖြစ်ပါတယ်။

နေမာဟာ ဆန်းတို့စ်အသင်းမှာထက် ဘာစီလိုနာမှာ ပိုမိုကောင်းမွန်တဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပါပြီ။ မက်ဆီ၊ ဆွာရက်ဇ်တို့လို ထိပ်တန်းကစားသမားတွေနဲ့ တွဲဖက်ကစားခွင့်ရတာကြောင့် အတွေ့အကြုံတွေပိုမိုရရှိလာပြီး ပြီးပြည့်စုံတဲ့ ကစားသမား တဖြည်းဖြည်းဖြစ်လာရတာပါ။

မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ရဲ့ MSN တိုက်စစ်အတွဲက ပြီးခဲ့တဲ့ရာသီတုန်းက ၁၃၁ ဂိုးအထိသွင်းယူခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ ဂိုးသွင်းအများဆုံးတိုက်စစ်အတွဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကထက် ၉ ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ သူတို့သုံးဦးဟာ အချိန်တွေကြာလာတာနဲ့အမျှ နားလည်မှု ပိုရှိလာကြပြီး ဂိုးတွေလည်း အလွယ်တကူသွင်းယူနေနိုင်ကြပါပြီ။ သူတို့သုံးဦးအခုလိုခြေစွမ်းပြနိုင်ခြင်းရဲ့ အဓိက လျှို့ဝှက်ချက်က ဘာဖြစ်မလဲ။ သူတို့အောင်မြင်ရတဲ့ အကြောင်းအရင်းကို နေမာက အခုလိုပြောပါတယ်။

လေးစားမှုနဲ့ ရင်းနှီးပွင့်လင်းတဲ့ သူငယ်ချင်းဆက်ဆံရေး

‘ကျွန်တော်တို့ အခုလို ခြေစွမ်းပြနိုင်တာက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု၊ ဂရုစိုက်မှု၊ ပြီးတော့ ရင်းနှီးပွင့်လင်းတဲ့ သူငယ်ချင်းဆက်ဆံရေး၊ ပျော်ရွှင်မှု ဒါတွေကြောင့်လို့ ထင်တယ်။ ဒီလိုဖြစ်လာအောင် ကျွန်တော်တို့ အတူတူ လုပ်ဆောင်ကြတယ်။

လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းအတူလေ့ကျင့်ကြတယ်။ ကွင်းထဲရောက်ရင် တစ်ဦးကို တစ်ဦး အပြန်အလှန်ကူညီကြတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော်တို့ သမိုင်းသစ်ရေးထိုးကြတယ်။ ဒီလိုမျိုးနောက်ထပ်နှစ်တွေအများကြီး ဆက်သွားနေဦးမယ်လို့ ကျွန်တော်မျှော်လင့်ထားတယ်။

ကျွန်တော်တို့ သုံးယောက်ကြားမှာ တကယ်ကိုကောင်းမွန်တဲ့ သူငယ်ချင်းဆက်ဆံရေးရှိတယ်။

ပုံစံကွဲပြားတဲ့ ဘောလုံးသမားသုံးယောက်၊   လေးစားလောက်တဲ့ ဘောလုံးအင်အားကြီးနိုင်ငံတွေက ဘောလုံးသမားသုံးယောက် အခုတော့ ဘာစီလိုနာမှာ အတူကစားခွင့် ရရှိနေတယ်။   တောင်အမေရိက နိုင်ငံသုံးခုက ကစားသမားသုံးယောက် တစ်သင်းတည်းမှာ ကစားခွင့်ရဖို့ဆိုတာ တကယ်ခက်ပါတယ်’ လို့ နေမာက ဆိုပါတယ်။

နေမာဟာ ဘာစီလိုနာအသင်းကို ၂၀၁၃ ခုနှစ်က ဆန်းတို့စ်ကနေ ရောက်လာခဲ့တာပါ။ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ၂ လုံး၊ ကိုပါဒယ်ရေး ၂ လုံး၊ စပိန်စူပါဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကို ရရှိခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ လကပဲ ဘာစီလိုနာနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပြီးလည်း ဖြစ်ပါတယ်။

မက်ဆီ

‘မက်ဆီနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပုံပြင်ကောင်းတစ်ပုဒ်ရှိတယ်။’

ကျွန်တော်ဘာစီလိုနာကိုရောက်ပြီး မကြာခင်ပေါ့။ အဲ့ဒီအခိုက်အတန့်က ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံးအချိန်မဟုတ်ခဲ့ဘူး။ မက်ဆီက အဲ့ဒီအချိန်မှာ ကျွန်တော့်ကို ကူညီခဲ့သူတွေထဲက တစ်ယောက်ပါ။

ကျွန်တော်ခေါင်းငိုက်စိုက်ကျပြီး ၀မ်းနည်းနေတာကို သူတွေ့တယ်။ အဲ့အချိန်မှာ မက်ဆီက ဆက်ကြိုးစားဖို့ အားပေးခဲ့တယ်။ ပျော်ရွှင်မှုရရှိဖို့ ကျွန်တော်နားလည်တတ်ကျွမ်းတဲ့ပုံစံနဲ့ကစားဖို့ သူက တိုက်တွန်းတယ်။

မက်ဆီကကျွန်တော်အများကြီးလေးစားရတဲ့သူပါ။ အဲ့ဒီအချိန်က ကျွန်တော့်ကို မက်ဆီအများကြီးကူညီပေးခဲ့တာပါ။’

MSN နဲ့ BBC

၂၀၁၄ ခုနှစ်မှာတော့ ဘာစီလိုနာကို ဆွာရက်ဇ်ရောက်လာခဲ့ပါတယ်။ မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ကြားမှာ နားလည်မှု မတည်ဆောက်ရသေးတဲ့ ကာလဖြစ်ပြီး ကိုယ်ပိုင်ပုံစံနဲ့ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားကစားခဲ့ကြပါတယ်။

ဒါပေမဲ့ ပထမဆုံးနှစ်မှာပဲ သူတို့ နားလည်မှုကို အလျှင်အမြန်တည်ဆောက်နိုင်ခဲ့ကြပြီး လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးဆုဖလားသုံးလုံးကို ရယူနိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးတိုက်စစ်အဖြစ် ပုံဖော်နိုင်ခဲ့ကြတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကတော့ MSN တိုက်စစ်အတွဲအစွမ်းပြနိုင်ပေမယ့် မက်ဒရစ်မြို့ခံအသင်းတွေက ဘာစီလိုနာကို ဒုက္ခပေးခဲ့ကြပါတယ်။ အက်သလက်အသင်းက သူတို့ကို ချန်ပီယံလိဂ်ကနေ ထွက်ခွာသွားစေခဲ့ပြီး အဓိကပြိုင်ဘက် ရီးယဲလ်အသင်းက ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။

စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်၊ ဘန်ဇီမာတို့ရဲ့ BBC တိုက်စစ်အတွဲက နေမာတို့အတွက် ကြီးမားတဲ့ ခလုတ်ကန်သင်းဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ နေမာက BBC တိုက်စစ်ကို အမုန်းပွားခြင်းမရှိဘဲ သူတို့သုံးဦးကို အများကြီးလေးစားကြောင်း ၀န်ခံပါတယ်။

‘သူတို့သုံးယောက်က တကယ့်စူပါစတားတွေပါ။ သူတို့ကို အများကြီးလေးစားတယ်။ စီရော်နယ်ဒိုဆိုရင် ကမ္ဘာ့အကောင်းဆုံးဆုကို သုံးကြိမ်ရရှိထားသလို (တနင်္လာနေ့က လေးကြိမ်မြောက်ရခဲ့)   ဘေးလ်ကလည်း ပြီးခဲ့တဲ့ရာသီက တကယ်ခြေစွမ်းပြနိုင်ခဲ့တယ်။

ဘန်ဇီမာကလည်း ဂရိတ်တိုက်စစ်မှူးပဲ။ သူက စူပါစတားလို့ ထင်တယ်။ သူတို့နဲ့ လာလီဂါမှာ ယှဉ်ပြိုင်ရတာက တကယ်ကို ကောင်းပါတယ်။’

MSN တိုက်စစ်အတွဲနဲ့ BBC တိုက်စစ်အတွဲမှာ ဘယ်တိုက်စစ်အတွဲက ပိုကောင်းလဲဆိုတာကိုတော့ နေမာက မနှိုင်းယှဉ်လိုဘူးလို့ ပြောပါတယ်။

‘ဘယ်တိုက်စစ်အတွဲက ပိုကောင်းတယ်ဆိုပြီး ကျွန်တော်မပြောချင်ဘူး။ အဲ့ဒီလို ပြောရတာလည်း ကျွန်တော်မကြိုက်ဘူး။ ကျွန်တော်က ဘယ်သူ့ထက်တော့ ပိုကောင်းတယ်ဆိုပြီး ဘယ်တုန်းကမှ မပြောခဲ့ဘူး။ BBC တိုက်စစ်အတွဲကလည်း သမိုင်းသစ်တွေ ထပ်ရေးပါလိ့မ်ဦးမယ်’

နောက်ဆုံးအနေနဲ့ နေမာကို ဘာစီလိုနာအသင်းအတွက် ရီးယဲလ်ကနေ ကစားသမားတစ်ယောက် ခေါ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့ကို ခေါ်မလဲလို့ မေးကြည့်ခဲ့တဲ့ အခါမှာတော့ ဘရာဇီးအသင်းဖော်   နောက်ခံလူ မာဆယ်လိုကို ခေါ်ချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly