ထိုင်းတွင် လိုင်စင်ရဘီယာကုမ္ပဏီကြီးများ၏ ချုပ်ကိုင်ထားမှုအပေါ် တွန်းလှန်နိုင်ရေး တစ်နိုင်တစ်ပိုင် ဘီယာချက်လုပ်သူများ ကြိုးပမ်းမည်

ထိုင်းတွင် လိုင်စင်ရဘီယာကုမ္ပဏီကြီးများ၏ ချုပ်ကိုင်ထားမှုအပေါ် တွန်းလှန်နိုင်ရေး တစ်နိုင်တစ်ပိုင် ဘီယာချက်လုပ်သူများ ကြိုးပမ်းမည်

ဒီဇင်ဘာ ၁၅ ။              ။ ထိုင်းတွင် တစ်နိုင်တစ်ပိုင် ဘီယာချက်လုပ်ရောင်းချသူဦးရေ မြင့်တက်လာမှုနှင့်အတူ ယင်းလုပ်ငန်းများအနေဖြင့် နိုင်ငံတွင် တရားဝင်လိုင်စင်ရ ဘီယာကုမ္ပဏီကြီးများ၏ အကျိုးအတွက် ကာကွယ်ပေးထားသော ဥပဒေနှင့်လည်း ရင်ဆိုင်နေရလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းအတွက်ကြောင့်လည်း နိုင်ငံတစ်ဝန်းမှ ဘီယာချက်လုပ်သူအများစုမှာ နယ်စပ်ဒေသများကို ဖြတ်ကာ ယင်းတို့၏ ဘီယာချက်လုပ်မှုလုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေကြရသည်။ ယင်းလုပ်ငန်းများမှာ ထုတ်လုပ်မှုပမာဏအနည်းငယ်အတိုင်းအတာသာ ထုတ်လုပ်နိုင်သော်လည်း ယင်းတို့၏ အရည်အသွေး၊အရသာနှင့် ဘီယာချက်လုပ်မှုနည်းစနစ်အပေါ် အထူးအလေးထားကာ ထုတ်လုပ်နေကြခြင်းဖြစ်သည်။

ယခုသီတင်းပတ်များအတွင်း ဘန်ကောက်မြို့မြောက်ဘက်ရှိ Nonthaburi ဒေသမှ လူလုပ်ကျွန်းတစ်ခုဖြစ်သော Koh Kret သို့ နိုင်ငံတစ်ဝန်းမှ တစ်နိုင်တစ်ပိုင် ဘီယာချက်လုပ်သူများ စုဝေးရောက်ရှိလာခဲ့ကြပြီး ၎င်းတို့၏နောက်ဆုံးဖန်တီးချက်လုပ်မှုများကို ဝေမျှခဲ့ကြသည်။

ယင်းနိုင်ငံတွင် ၁၉၅၀ ခုနှစ်က ပြဌာန်းထားခဲ့သော ဥပဒေတစ်ရပ်အရ ပုဂ္ဂလိက ဖြစ်စေ စီးပွားဖြစ် အသုံးပြုရန်အတွက်ဖြစ်စေ ဘီယာချက်လုပ်မှုကို တရားမဝင်ကြောင်း သတ်မှတ်ထားလျက်ရှိရာ ယင်းကို ကျူးလွန်ပါက ဒဏ်ငွေ ဘတ် ၅၀၀ နှင့် ၅,၀၀၀ အကြား ချမှတ်ခံရနိုင်သကဲ့သို့ ထောင်ဒဏ် ခြောက်လအထိ အများဆုံးကျခံရနိုင်အရေးနှင့် ရင်ဆိုင်ရစရာရှိနေသည်။

သို့ရာတွင်လည်း လုပ်ငန်းရင်းနှီးမြုှပ်နှံငွေ ဘတ် ၁၀ သန်း (ဒေါ်လာ ၂၈၀,၀၀၀) အထက်ရှိသူနှင့် တစ်နှစ်ကို ဘီယာလီတာပေါင်း ၁၀ သန်းနှင့်အထက် ထုတ်လုပ်နိုင်သူ ကုမ္ပဏီများကိုမူ အထူးလိုင်စင်တစ်ရပ် ချထားပေးကာ တရားဝင်ခွင့်ပြုပေးထားလျက်ရှိသည်။

" ခုလောလောဆယ်ထိ နိုင်ငံမှာ လူဦးရေ သန်း ၆၀ အတွက် တရားဝင်ချပေးထားတဲ့ ဘီယာကုမ္ပဏီက သုံးခုပဲ ရှိပါတယ်၊ ဒီကုမ္ပဏီကြီးတွေက ဆိုင်ရာဆိုင်ရာ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး လုပ်နေကြတာပါ" ဟု စစ်တပ်မှ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သည့် Wichit က ပြောသွားသည်။

" ဒီလုပ်ငန်းလုပ်လို့ရဲနှင့်သုံးကြိမ်အထိ ပြဿနာဖြစ်တယ်၊ သုံးကြိမ်လုံး ကျွန်တော့်လုပ်ငန်းကို ပိတ်သိမ်းဖို့ သူတို့ ကြိုးစားတယ်၊ အဲဒီလိုဖြစ်တဲ့အချိန်တိုင်း ကျွန်တော်တို့သူတို့ကို မေးခဲ့တယ်၊ ဒီဥပဒေက တကယ်ပဲ တရားမျှတမှုရှိရဲ့လားလို့ မေးခဲ့တယ်၊ သိပ်မကြာတော့တဲ့ကာလတစ်ခုမှာတော့ နိုင်ငံမှာ ဒီဟာကို ပြောင်းလဲသွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု တစ်နိုင်တစ်ပိုင်ချက်လုပ်သူတစ်ဦးဖြစ်သည့် Wichit Siklao က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required