ခရီးသွားလုပ်ငန်းဖွ့ံဖြိုးမှုဘဏ် မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်

ခရီးသွားလုပ်ငန်းဖွ့ံဖြိုးမှုဘဏ် မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဘဏ် တည်ထောင်ဖွင့်လှစ်မည်ဖြစ်၍ မြန်မာ့ခရီးသွားလုပ်ငန်းက မြင့်တက်လာမည်ဖြစ်သည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဘဏ်ကို ဗဟိုဘဏ်၏ ခွင့်ပြုမိန့်ချထားပေးမည်ကို စောင့်လျက်ရှိကြောင်း မြန်မာခရီးသွားလုပ်ငန်းဘဏ်၏ အထွေထွေမန်နေဂျာ ဦးသန်းတင်ကပြောသည်။

"မေလအတွင်းမှာ လိုင်စင်ချထားပေးမယ်လို့ ပထမက ကျွန်တော်တို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့် ခုချိန်ထိ လိုင်စင်ချထားပေးခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ဖက်ကတော့ လိုင်စင်ရတာနဲ့ ဘဏ်ကို ချက်ချင်းဖွင့်လှစ်သွားမှာပါ။ စဖွင့်မယ့် ဘဏ်သစ်က နေပြည်တော်မှာ ပထမဆုံးစဖွင့်မှာ ဖြစ်ပြီးနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးတို့မှာပါ ဖွင့်လှစ်သွားမှာပါ။ "ဟု ဦးသန်းတင်ကပြောသည်။

ဘဏ်ဖွင့်လှစ်ပြီးပါက ချေးငွေများ၊ နည်းပညာအထောက်အကူများနှင့် ဆက်သွယ်ရေးကဏ္ဍများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ ယခုကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုဘဏ် ဖွင့်လှစ်ရန် လုပ်ဆောင်ခြင်းသည် နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှ ၂၀၁၄ ခုနှစ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိခဲ့ပြီး ယခုနှစ်ဝင်ငွေကို နှစ်ဆတိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

ယခုဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဘဏ်သည် အများပိုင်ကုမ္ပဏီတစ်ရပ်ဖြစ်ပြီး ရင်းနှီးမြုပ်နှံသူများ ပါဝင်ကာ ရှယ်ယာများလည်း ထုတ်ရောင်းချသွားမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ကိစ္စရပ်များတွင်လည်း ပါဝင်လုပ်ဆောင်သွားမည့် ယင်းဘဏ်ကို အစိုးရ၏ အကြိုခွင့်ပြုမှုကိုလည်း ရရှိထားပြီးဖြစ်သည်။

ခရီးသွားလုပ်ငန်းအတွက်သာမကပဲ ဆက်စပ်စီးပွားရေးလုပ်ငန်းများအတွက်ပါ ဝန်ဆောင်မှုများ ပေးသွားရန် စီစဉ်ထားသည့် ဘဏ်တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly