ဒီမိုကရေစီအစိုးရလက်ထက် တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်

ဒီမိုကရေစီအစိုးရလက်ထက် တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် တပ်မတော် အနေဖြင့်လည်း ပါဝင်ခဲ့ရသည်။ ထိုသို့ တပ်မတော်က ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် မည်သည့်အခန်းကဏ္ဍကနေ ဘယ်လို ပါဝင်ကြောင်း ဘီဘီစီသတင်းဌာနက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မေးမြန်းချက်ကို မဇ္ဈိမက ပြန်လည်ကောက်နုတ် ဖော်ပြလိုက်သည်။

မေး - အခုပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာ မြန်မာ့တပ်မတော်အနေနဲ့ ပြောင်းလဲမှုရှိ/မရှိ သိလိုပါတယ်။ ဒီလိုပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အောင်မြင်မှုအခြေအနေ၊ ပြောင်းလဲမှုအခြေ အနေ ဘယ်လိုပြောင်းခဲ့တယ်ဆိုတာကိုလည်း သိရှိလိုပါတယ်။

ဖြေ - ကျွန်တော်တို့ ဒီဘက် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာ့တပ်မတော်လည်း ပြုပြင် ပြောင်းလဲမှုတွေလုပ်တာပေါ့။ အဓိကကတော့ မြန်မာ့တပ်မတော်ကို Professional တပ်မတော်တစ်ခု၊ Standard Army တစ်ခုဒီလိုဖြစ်အောင် ပြောင်းလဲမှုတွေလုပ်တာပေါ့။ ပထမ မြန်မာ့တပ်မတော်ရဲ့ အနေအထား ကတော့ ကျွန်တော်တို့ရဲ့သမိုင်း ကြောင်းမှာဖြစ်ခဲ့တဲ့ အခြေအနေအရ ပြည်တွင်းသောင်းကျန်းမှုကို အခြေခံပြီးတော့မှ သူတို့ကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ တပ်တစ်တပ် အနေနဲ့ရှိတယ်။ တစ်ဖက်ကလည်း ဒီဟာကနေအခြေခံပြီး နိုင်ငံတော် ကာကွယ်ရေးအတွက် စွမ်းအားရှိတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ ဖွဲ့စည်း ခဲ့တာတော့မှန်ပါတယ်။ သို့သော်လည်းပဲ ပြီးပြည့်စုံတဲ့ တပ်မတော် တစ်ရပ်အနေနဲ့တော့ မရောက်သေးဘူး။ အခုအဲဒါတွေကို ပိုပြီးတော့ ခေတ်မီတဲ့တပ်မတော်တစ်ရပ်ဖြစ်အောင် ပြောင်းလဲမှုတွေလုပ်တယ်။ နောက်တစ်ခါ တပ်မတော်ရဲ့တည်ဆောက်မှု အပိုင်းမှာလည်း စာရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ဝတ်ရေး စားရေး၊ လေ့ကျင့်ရေးအပိုင်းက အစပေါ့၊ ဒါတွေလည်းပိုပြီးတော့မှ မြင့်အောင်ဆောင်ရွက်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ တပ်မတော်ကို ပြောရလို့ရှိရင်တော့ စွမ်းရည်ရှိတဲ့တပ်မတော် တစ်ရပ်ဖြစ်အောင်၊ စွမ်းအားရှိတဲ့ တပ်မတော်တစ်ရပ်ဖြစ်အောင် တည်ဆောက်နေပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး - မြန်မာ့တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာ ရှိပါသလား။ ဒီပြုပြင်ပြောင်းလဲမှုအတွက်ကို ဘာကြောင့် ဆောင်ရွက်ခဲ့တာပါလဲ။ ဘာအတွက်ကြောင့် တပ်မတော် အနေနဲ့ ဒီပြုပြင်ပြောင်းလဲမှုဆောင်ရွက်ဖို့လိုအပ်ခဲ့ပါသလဲ။

ဖြေ - ကျွန်တော်တို့အခုသွားနေတာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ ဖြစ်တယ်။ အရင်တုန်းကတော့ တပ်မတော်က ဥပမာအားဖြင့် ၁၉၆၂ ခုနှစ်ကကြည့်မယ်ဆိုရင် တော်လှန်ရေးကောင်စီ အနေနဲ့တပ်မတော်က နိုင်ငံရဲ့ဦးဆောင်မှု၊ တိုက်ရိုက်ဦးဆောင်မှု ကဏ္ဍကို ကျွန်တော်တို့ယူခဲ့တာပေါ့။ ၁၉၇၄ ခုနှစ်ကျတော့ လမ်းစဉ်ပါတီအစိုးရကြားမှာလည်း တပ်မတော်ကနေပြီးတော့ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး တာဝန်ယူခဲ့ရတာလည်းရှိတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးတဲ့နောက် တပ်မတော်အစိုးရ လက်ထက်တာဝန် ယူတဲ့အချိန်မှာလည်း တပ်မတော်ကနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ မှာပါတော့ တပ်မတော်က နိုင်ငံရဲ့ အရေးအခင်းအားလုံးမှာ သူပါခဲ့ တာတွေ ရှိတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်ကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်း သွားတဲ့အခါမှာ ကျွန်တော်တို့ကို ပေးထားတဲ့တာဝန်ရှိတယ်။ Constitution မှာ ပေးထားတဲ့တာဝန်တွေရှိတယ်။ ဒီအပေါ်မှာပဲ ကျွန်တော်တို့ သွားလို့ရတယ်။ ကျွန်တော်တို့သွားတာက ပါတီစုံ ဒီမိုကရေစီဖြစ်တဲ့အတွက်ကြောင့် သူ့အခန်းကဏ္ဍနဲ့သူပါတဲ့ နေရာမျိုး ရောက်လာပြီဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကလည်း သူ့ကိုပေးတဲ့တာဝန် အရသာ ထမ်းဆောင်ရတာဖြစ်တယ်ဆိုတာ ကျွန်တော်ပြောလို ပါတယ်။ အဲဒီမှာ တစ်ချက်ထပ်ဖြည့် ပြောချင်တာက ဒီအခြေခံဥပဒေအရ ပြောမယ်ဆိုရင်တော့ ဥပဒေပြုရေးက သူ့ကဏ္ဍနဲ့သူပေါ့။ အုပ်ချုပ်ရေးလည်း သူ့ကဏ္ဍနဲ့သူပေါ့။ တရားစီရင်ရေးကလည်း သူ့ကဏ္ဍနဲ့ သူပေါ့။ သူ့ဟာနဲ့သူသွားပြီးတော့ အပြန်အလှန် ထိန်းကျောင်းတဲ့ ပုံစံနဲ့ကျွန်တော်တို့သွားတာ။ ထို့အတူပဲ တပ်မတော် လည်း ဘာတာဝန် ထမ်းဆောင်ပါဆိုတာ ဥပဒေမှာပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ သူ့ရဲ့ဥပဒေအကြောင်းအရ သွားရမယ်ဆိုတဲ့ အနှစ်သာရ ရှိတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဒီပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်ကနေပြီးတော့ ဒီဟာကိုပဲ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ နောက်တစ်ခါ ဒီလမ်းကြောင်းက ပြည်သူကနေရွေးချယ်တဲ့ လမ်းကြောင်းဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တပ်မတော်ကနေပြီးတော့ ဖော်ဆောင်ပေးထားတာ။ ဒီလိုဖော်ဆောင် ပေးထားတော့ တပ်မတော်ကနေပြီး စံနမူနာပြလိုက်နာမှရမယ့် အနေအထား ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။

မေး - မည်သည့်အတွက်ကြောင့် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကပါဝင်ရန် လိုအပ်တယ်လို့ ယုံကြည်ပါသလဲခင်ဗျာ။

ဖြေ - ဒါသမိုင်းနဲ့ချီပြီး ပြောရလိမ့်မယ်။ ကျွန်တော်တို့က ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေး ရတယ်။ လွတ်လပ်ရေးမရခင် ကျွန်တော်တို့က ဗြိတိသျှရဲ့ ကိုလိုနီဖြစ်ခဲ့တယ်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာတွေပေါ်လာတယ်။ နောက် ပြည်ပရဲ့ ကျူးကျော်မှုတွေဖြစ်လာတယ်။ ဥပမာ-တရုတ်ဖြူအရေးအခင်းပေါ့။ ၁၉၄၈ခုနှစ် နဲ့ ၁၉၅၀ ခုနှစ် ကြားထဲမှာ တရုတ်ပြည်က နေထွက်ပြေးလာတဲ့ ကူမင်တန်ပြဿနာ တွေပေါ်လာတယ်။

အဲဒီတော့ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာရယ်၊ နောက်ပြည်ပက ကျူးကျော်လာတဲ့ တရုတ်ဖြူကူမင်တန် ပြဿနာတွေကို တပ်မတော်က ပြည်သူနဲ့ပူးပေါင်းပြီးတော့ ဦးဆောင်ပြီးဆောင်ရွက်ခဲ့ရတယ်။ အဲဒီကနေ တစ်လျှောက်လုံးပါပဲ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို ကျွန်တော်တို့ တပ်မတော်က နေပြီးတော့ ဆောင်ရွက်ခဲ့ရတာပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ပါလီမန်စနစ်ကို သွားပါတယ်။ ပါလီမန်စနစ်ကျင့်သုံး ရတဲ့အချိန်မှာလည်း နိုင်ငံရေးအရအကွဲအပြဲတွေ၊ နောက် တိုင်းရင်းသား ရေးရာ ပြဿနာတွေ ဖြစ်တဲ့အခါမှာ နောက်ဆုံး တိုင်းပြည် မတည်ငြိမ်တဲ့ ပြဿနာတွေကြောင့် ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရဆိုပြီးတော့ တပ်မတော်ကိုပဲ အာဏာရအစိုးရကနေလွှဲပေးခဲ့ရတာရှိတယ်။ အဲဒီကနေပြီးတော့ ရွေးချယ်တင်မြှောက်ပွဲပြန်လုပ်တယ်။ နိုင်တဲ့ပါတီကို အာဏာပြန်လွှဲပေးတယ်။

ပြီးတော့မှ ကျွန်တော်တို့ ဒီပါလီမန်စနစ်နဲ့သွားတဲ့အချိန်မှာ နိုင်ငံရေးတည်ငြိမ်မှုက တော်တော်လေး ပျက်ပြားလာတဲ့အတွက်ကြောင့်၊ ၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ရဲ့ အခြေအနေဟာ ပြိုကွဲတော့မယ့် အခြေအနေမျိုးထိ ရောက်လာတဲ့အတွက်ကြောင့် တပ်မတော်အနေနဲ့ တော်လှန်ရေးကောင်စီ ဖွဲ့ပြီးတော့ နိုင်ငံတော်ရဲ့အာဏာကိုယူခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုလည်း တပ်မတော်ကနေ ဦးဆောင်ပြီးတော့မှ တောက်လျှောက် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ တော်လှန်ရေးကောင်စီ သက်တမ်းတစ်လျှောက် ၁၉၇၄ ခုနှစ် လမ်းစဉ်ပါတီအစိုးရကို အာဏာလွှဲတဲ့အချိန်ထိဖြစ်တယ်။ ဒီအချိန်မှာလည်း တိုင်းပြည်က တည်ငြိမ်အေးချမ်းမှု မရှိသေးပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုမရှိဘူး။ နောက် လက်နက်ကိုင်ပဋိပက္ခတွေ တည်ငြိမ်အေးချမ်းမှုမရှိဘူး။ ဒီပဋိပက္ခတွေကို တပ်မတော်ကပဲ ပြည်သူနဲ့ပူးပေါင်းပြီးတော့မှ ဖြေရှင်းဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီတော့ ၁၉၇၄ ခုနှစ်မှာ လမ်းစဉ် ပါတီအစိုးရတက်လာတဲ့ အချိန်မှာလည်း တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေက လုံးဝတည်ငြိမ်တဲ့ အခြေအနေတော့မရောက်ဘူး။ ပြဿနာတွေ အများကြီးရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ လည်း လုံးဝချုပ်ငြိမ်းတဲ့ အဆင့်မရောက်ဘူး။ ငြိမ်းချမ်းရေးတော့ ကျွန်တော်တို့လုပ်တယ်။ ဒါပေမဲ့ မအောင်မြင်တာတွေ အများကြီးရှိတယ်။ ပြောရရင်လည်း ဒီအခြေအနေတွေအားလုံးကို တည်ငြိမ်အောင် တပ်မတော်ကပဲ အစိုးရနဲ့ပြည်သူနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်၊ လုပ်ခဲ့တယ်။ သို့သော်လည်း ၁၉၈၈ ခုနှစ်ကာလ ရောက်တဲ့အခါမှာတော့ တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေဟာ အဆိုးဘက်ကို ရောက်လာတဲ့အတွက်ကြောင့် ပြည်သူကနေ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့ဆိုပြီး ပြောလာတဲ့ အချိန်မှာ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားတဲ့အခါမှာ၊ အဲဒီတုန်းကရှိတဲ့ အစိုးရအနေနဲ့ အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်းမရှိတဲ့အခါ တပ်မတော်က အခြေအနေကို ပြန်ပြီးထိန်းပေးခဲ့ရတာပေါ့။

ထိန်းပေးခဲ့ရပြီးတော့မှ တပ်မတော်အစိုးရက ၁၉၈၈ ကနေပြီးတော့ ၂၀၁၁ ခုနှစ်အထိ တာဝန်ယူတယ်။ ဒီကြားထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ ကာလအတွင်းမှာပဲ နိုင်ငံတော်ကိုလည်း တစ်ဘက်ကလည်း တည်ငြိမ်အေးချမ်းအောင်၊ တစ်ဘက်ကလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်။ တစ်ဘက်ကလည်း ဒီမိုကရေစီလမ်းကြောင်းကိုသွားနိုင်ဖို့ အခြေခံတွေရအောင် ဆောင်ရွက်ပေးခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တယ်။ ၂၀၁၁ ခုနှစ်မှာ အနိုင်ရတဲ့ ပါတီကို အာဏာပြန်ပြီးလွှဲ ပေးခဲ့တယ်။ လွှဲပေးခဲ့ပြီးတော့ လက်ရှိမှာလည်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ သွားနေတဲ့အချိန်ဖြစ်တယ်။ အဲဒီတော့ ၁၉၄၈ ခုနှစ်ကနေစပြီး ၂၀၁၁ ခုနှစ်ထိ ကြည့်မယ်ဆိုရင် နိုင်ငံတော်ရဲ့ သမိုင်းနဲ့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ဘယ်လိုမှကိုခွဲခြားလို့မရဘူး ဆိုတာကိုတွေ့လိမ့်မယ်။ ဒီလိုအခြေအနေမျိုး ရောက်အောင်ဆိုတာလည်း တပ်မတော်ကပဲ ပြည်သူနဲ့ပူးပေါင်း ပြီးတော့၊ အသက်သွေးချွေး များစွာ ပေးပြီးတော့မှ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ လွတ်လပ်ရေးရအောင်လုပ်ခဲ့တယ်။ လွတ်လပ်ရေးတည်တံ့ ခိုင်မြဲအောင် ကျွန်တော်တို့လုပ်ခဲ့တယ်။

တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာနဲ့ပတ်သက်ပြီး မထိပါးအောင် လုပ်ခဲ့တယ်။ တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေနဲ့ပတ်သက်ပြီးမထိ ပါးအောင်လုပ်ခဲ့တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင်လုပ်ခဲ့တယ်။ ဒီကိစ္စတွေမှာ တပ်မတော်သား တွေက အသက်သွေးချွေးများစွာပေးပြီး ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် ဒီအခြေအနေမျိုးကို ယိမ်းယိုင်စေမယ့်ကိစ္စတွေဟာ ဘယ်လိုမှကို ကျွန်တော်တို့တပ်မတော်အနေနဲ့ကတော့ လက်ခံနိုင်တဲ့ အခြေအနေမရှိဘူး။ ဒါကြောင့် အခြေအနေတည်ငြိမ် အေးချမ်းတဲ့ အဆင့်ထိရောက်အောင် တပ်မတော်အနေနဲ့ ပါဝင်နေရခြင်း ဖြစ်တယ်ဆိုတာ ကျွန်တော် ပြောလိုတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly