မက်ဆီကို ကျော်ဖြတ်ပြီး ၂၀၁၆ ရွှေဘောလုံးဆုကို စီရော်နယ်လ်ဒို (၄) ကြိမ်မြောက်အဖြစ် ရရှိ

မက်ဆီကို ကျော်ဖြတ်ပြီး ၂၀၁၆ ရွှေဘောလုံးဆုကို စီရော်နယ်လ်ဒို (၄) ကြိမ်မြောက်အဖြစ် ရရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ပြိုင်ဘက် မက်ဆီကို ကျော်ဖြတ်ပြီး ၂၀၁၆ ခုနှစ် ရွှေဘောလုံးဆုကို Ballon d'Or ကို ၄ ကြိမ်မြောက်အဖြစ် ရရှိခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က ၅ ကြိမ်မြောက် ရွှေဘောလုံးဆုရရှိခဲ့တဲ့ မက်ဆီရဲ့ နောက် ၁ ကြိမ်လျော့နည်းပြီး ရပ်တည်နေပါတယ်။

အက်သလက်တီကိုရဲ့ ပြင်သစ် တိုက်စစ်မှူး ဂရစ်မန်းက ရွှေဘောလုံးဆုအတွက် မဲရလဒ်အရ တတိယနေရာမှာ ရှိနေပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့် ၂၀၁၆ ယူရိုချန်ပီယံဆုများ ရယူနိုင်ခဲ့သလို ၎င်းပြိုင်ပွဲအတွင်း ၃ ဂိုး သွင်းယူနိုင်ခဲ့တာတွေက ရွှေဘောလုံးဆုကို ရရှိစေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုအချိန်မှာ ရွှေဘောလုံးဆုကို ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်တွေမှာ ရရှိခဲ့ပြီး မက်ဆီက ၂၀၀၉ ခုနှစ်မှာ အဆိုပါဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးရရှိခဲ့ပါတယ်။

"ကျနော် အခုလို ရွှေဘောလုံးဆု လေးကြိမ်မြောက် ရရှိနိုင်မယ်လို့ ဘယ်တော့မှ တွေးထင်မထားမိပါဘူး။ ကျနော် ကျေနပ်ပါတယ်။ အလွန်ဂုဏ်ယူမိပြီး ပျော်ရွှင်မိတယ်လို့ ခံစားရပါတယ်"လို့ ရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။

"ကျနော်ရဲ့ နိုင်ငံအသင်း၊ ရီးယဲလ်အသင်း၊ အသင်းဖော်တွေ အားလုံး၊ လူအားလုံးနှင့် တစ်ဦးချင်းဆု ရရှိဖို့ ကူညီခဲ့တဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါရစေ။"လို့ သူက ဆိုပါတယ်။

ယခင်မန်ယူ တိုက်စစ်မှုးဟောင်းဟာ ယခုနှစ်အတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် ပွဲ ၂၀ ကစား၊ ၁၉ ဂိုး သွင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ၅၄ ဂိုး သွင်းယူခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဒီတပတ်မှာ ကလပ်ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်ကစားဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတာကြောင့် ပဲရစ်မှာ ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက် လက်ခံရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ပြင်သစ်ဘောလုံး မဂ္ဂဇင်း ရွှေဘောလုံးဆု Ballon d'Or ကို ၁၉၅၆ ခုနှစ်ကတည်းက နှစ်စဉ်နှစ်တိုင်း ချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။

Ref: BBC Sports, EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required