“မိုးပြာဂိုဏ်း” ၏ အယူဝါဒများ ထုတ်ဝေဖြန့်ချိပါက အရေးယူမည်ဟု သူရဦးအောင်ကို ပြော

“မိုးပြာဂိုဏ်း” ၏ အယူဝါဒများ ထုတ်ဝေဖြန့်ချိပါက အရေးယူမည်ဟု သူရဦးအောင်ကို ပြော
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)က အဓမ္မဝါဒဟု ဆုံးဖြတ်ထားသော “မိုးပြာဂိုဏ်း” ၏ အယူဝါဒများ၊ ဒဿနတရားများကို ရေးသားထားသည့် စာအုပ်၊ စာစောင်၊ မဂ္ဂဇင်းများကို ပြည်သူလူထုအတွင်း ဖြန့်ဝေပါက ဥပဒေနှင့်အညီ တရားစွဲဆိုပြီး အရေးယူသွားမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။

“မိုးပြာဂိုဏ်းဆိုတာကတော့ အစွန်းရောက်တဲ့ သဘောတရားတွေကို ထုတ်ဝေ၊ ဖြန့်ချိတာ ဖြစ်ပါတယ်။ အဲ့ဒီအခါကျတော့ ထေရဝါဒဗုဒ္ဓသာသနာကိုးကွယ်တဲ့ မြန်မာပြည်သူတွေကြားထဲမှာ ဗုဒ္ဓသာသနာတော်နဲ့ ပတ်သက်ပြီးတော့ သို့လော၊ သို့လော စိတ်ဝမ်းကွဲစရာတွေ၊ တွေးတောစရာတွေက ရိုက်ခတ်မှုတွေ ဟိုအရင်က ဖြစ်ခဲ့ပါတယ်” ဟု ဒီဇင်ဘာ ၁၂ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် သူရဦးအောင်ကိုက မီဒီယာများကို ပြောသည်။

ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟု အမည်ခံထားသော မိုးပြာဂိုဏ်း၏ အယူဝါဒ စာအုပ်များ၊ CD ခွေများနှင့် တရားဓမ္မဟောပြောဆွေးနွေးခြင်းများကို ထုတ်ဝေဖြန့်ချိရန် ကြိုးပမ်းလာမှုအပေါ် ဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာစာအုပ်များ၊ CD ခွေများနှင့် တရားဓမ္မဟောပြောဆွေးနွေးခြင်းများကို ယခုအခါ ပြန်လည်ထုတ်ဝေဖြန့်ချိမည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် အသိပေးကြေငြာအပ်ပါသည်” ဟု          ဦးနေဝင်း ဆိုသူက ဒီဇင်ဘာ ၃ရက်ထုတ်၊ မြန်မာအလင့်သတင်းစာတွင် ထည့်သွင်းကြေငြာခဲ့သည်။

ယင်းကြေငြာချက်အပေါ် ကန့်ကွက်ကြောင်း ရန်ကုန်တိုင်းသာသနာရေးမှူးရုံးက ပြန်လည်ကြေငြာခဲ့ရာတွင် ပစ္စုပ္ပန်ကမ္မဝါဒကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာ အမှတ်-၉၅ဖြင့် အဓမ္မဝဝါဒအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ အဓမ္မဝါဒဟု ဆုံးဖြတ်ထားပြီးဖြစ်၍ ယင်းအဓမ္မဝါဒနှင့် သက်ဆိုင်သည့် ဟောပြောခြင်း၊ သင်ကြားပို့ချခြင်း၊ စာအုပ်စာတမ်းအဖြစ် ရိုက်နှိပ်ဖြန့်ချိခြင်းနှင့် အသံဖမ်းတိပ်ခွေများ၊ စီဒီများဖြင့် အသံသွင်းဖြန့်ချိခြင်း၊ အင်တာနက်တင်ထားခြင်းတို့ကို တားမြစ်ပိတ်ပင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သဖြင့် ပြန်လည်ထုတ်ဝေဖြန့်ချိခြင်းကိစ္စများအား ကန့်ကွက်ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်ပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဟု အသိပေးထားသည်။

ဝန်ကြီးဌာနအနေဖြင့် မန္တလေးတွင်အခြေစိုက်သော မိုးပြာဂိုဏ်းအား ၎င်းတို့၏ အယူဝါဒများ ထုတ်ဝေဖြန့်ချိရန် ကြိုးပမ်းမှုအပေါ် တိုင်းသာသနာရေးမှူးက ကန့်ကွက်လွှာပေးပို့ထားပြီးဖြစ်သလို ဦးနေဝင်းကိုလည်း ခေါ်ယူတွေ့ဆုံပြီး အသိပေးထားကြောင်း သူရဦးအောင်ကိုက ပြောသည်။

“လက်မှတ်ထိုးခိုင်းပါတယ်။ သို့သော် သူ(ဦးနေဝင်း)လက်မှတ်မထိုးပါဘူး။ သူတို့ယုံကြည်ချက်အတိုင်း ဆက်လုပ်မယ်ဆိုတဲ့သဘောမျိုး ပြောသွားပါတယ်။ အဲ့လိုလုပ်မယ်ဆိုရင်တော့ ထပ်မံတရားစွဲပြီးတော့မှ ဗုဒ္ဓသာသနာတော်ထိန်းသိမ်းကာကွယ်ရေးဥပဒေများနဲ့အညီ ဆက်လက်ပြီးတော့မှ အရေးယူဆောင်ရွက်သွားမယ်” ဟု သူရဦးအောင်ကိုက ဆိုသည်။

ဦးနေဝင်းကမူ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ဆက်လက်ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးထင်ကျော်အပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များထံ လိပ်မူ၍ အကြောင်းကြားစာများ ပေးပို့လျက်ရှိကြောင်း မဇ္ဈိမကို ပြောသည်။

“တို့ကတော့ ဆက်လုပ်နေမှာပဲဆိုတဲ့အကြောင်း သိရှိရန် အသိပေးအကြောင်းကြားပါသည်ဆိုတဲ့ဟမျိုး ပေးပို့နေပါတယ်” ဟု ဦးနေဝင်းက ဆိုသည်။

ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟု အမည်ခံထားသော မိုးပြာဂိုဏ်းသည် မန္တလေးတွင် အခြေစိုက်ပြီး ဦးညာဏက ဦးဆောင်လျက် ရှိသည်။

မိုးပြာဂိုဏ်း၏ အယူအဆများ၊ ဒဿနများသည် ထေရဝါဒဗုဒ္ဓသာသနာနှင့် လုံးဝဆန့်ကျင်နေကြောင်းတွေ့ရှိရ၍ ထုတ်ဝေဖြန့်ချိမှုများကို ပြန်လည်ရုတ်သိမ်းရန် ပိတ်ပင်တားဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ဦးညာဏကို သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေများနှင့် ၂၀၁၀ခုနှစ်တွင် တရားစွဲဆိုကာ ပြစ်မှုပြစ်ဒဏ်အဖြစ် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့သည်။

ယင်းနောက် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ပြန်လည်ထုတ်ဝေဖြန့်ချိရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required