ပွဲပြန်မော့မော့

ပွဲပြန်မော့မော့
ဓာတ်ပုံ-မဇ္ဈိမ

ဒီလိုနဲ့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ််ပွဲနဲ့ စာအုပ်စျေးပွဲတော်ထဲကို မောင်မှန် ရောက်ရှိသွားခဲ့ပါတယ်။ ဖွင့်ပွဲနေ့လည်းဖြစ် စောလည်းစောသေးတော့ ပရိသတ်က နည်းနည်းပဲရှိပါတယ်။ ပွဲလာတဲ့ ပရိသတ်က နည်းသေးပေမယ့် ပွဲဦးဆောင် ကျင်းပရမယ့် ပုဂ္ဂိုလ်တွေကတော့ များပါတယ်။ ပွဲဖွင့်ရမှာကိုး။  တိုက်ပုံအကောင်းစားကြီးတွေ၊ ပြောင်ပြောင်ပြောင်ပြောင် ပုဆိုးကြီးတွေဝတ်လို့ အတော်အလုပ်ရှုပ်နေကြပါတယ်။ ခဏနေတော့ လူကြီးကား မိန်းအဝင်ပေါက်ကြီးက ဝင်လာတယ်။ စောင့်ကြိုသူတွေက ပျာပျာသလဲပါ။ တံခါးပြေးဖွင့် ခရီးဦးကြို ပြုကြပါတယ်။

ဒီနေရာမှာ ပြောင်းလဲချိန်တန်တာ မတန်တာနဲ့ ပတ်သက်ပြီး မောင်မှန် နည်းနည်း တင်ပြချင်ပါတယ်။ ပြီးခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်ကဆို တိုက်ပုံဝတ်တွေနေရာမှာ ယူနီဖေါင်းနဲ့ လူအချို့ ပါမယ်။ အခုထက် ပိုပြီး ပျာကလက်စိန်ဖြစ်မယ်။ ဘယ်သူမှ အနားမကပ်ရဘူး။ ဒါမျိုး ကြံုဖူးကြမှာပါ။ အခု ဒီလိုမဟုတ်ပါဘူး။ လူကြီးကလည်း ပုံမှန်ပါပဲ။ ရွှေပွဲလာတွေကလည်း ပုံမှန်သွားလာနေကြတာပါ။ ဘာမှ အရေးကြီးခွင်ကျယ် လုပ်မနေကြဘူး။ ဒါ တကယ်ပြောင်းတာ၊ အသွင်သဏ္ဍာန်အားဖြင့်ပေါ့လေ။ အနှစ်သာရတော့ ဘယ်အတိုင်းအတာရှိမယ် မပြောနိုင်သေးဘူး။ တစ်ခုတော့ရှိတယ်။ တိုက်ပုံဝတ်တွေ အများကြီး တစ်စုတည်းတွေ့လိုက်ရတော့ မ.ဆ.လ ခေတ်ကြီးကို မောင်မှန် လွမ်းသွားတယ်။ အဲဒီတုန်းကတော့ တိုက်ပုံဝတ်ပုဂ္ဂိုလ်ကြီးတွေ လက်ထဲမှာ ပြည်သူ့လွှတ်တော်တို့ ပါတီညီလာခံတို့ စတဲ့ တံဆိပ်တွေရိုက်ထားတဲ့ လက်စွဲအိတ်လေးတွေ ကိုယ်စီနဲ့ပါ။ ခုကတော့ သားရေအိတ် အကောင်းစားတွေ ကိုင်ကြတာ များပါတယ်။ (အဲဒီကာလက ထွက်ခဲ့တဲ့ ဆရာမောင်သာချိုတို့ရဲ့ စုပေါင်း ကဗျာစာအုပ်တစ်အုပ်ရဲ့ ခေါင်းစဉ်ကိုလည်း သတိရလို်က်မိသေး။ တိုက်ပုံဝတ် နှလုံးသားတဲ့။ အခုလိုများဆို ဆရာကြီး ဂျက်တစ်ယောက် တိုက်ပုံဝတ် ဦးနှောက်ဆိုပြီးတော့များ ရေးလေမလားတော့ မသိဘူး)

ဖွင့်ပွဲအခမ်းအနား ကျင်းပတဲ့အချိန်မှာတော့ မောင်မှန်ဟာ စာအုပ်ဆိုင်တွေကြား လှည့်ပတ်သွားလာနေပါပြီ။ ဗမာတွေ စာမဖတ်ဘူး၊ စာမဖတ်ဘူးနဲ့ ထွက်လိုက်တဲ့စာအုပ်တွေ နည်းနည်းနောနော မဟုတ်ပါလား။ အဲ ဒီလိုတော့ရှိတယ်။ ဝယ်မဖတ််ကြလို့ဘဲ ဆိုင်တွေမှာ လာပုံနေသလားတော့ မသိဘူး။ စာအုပ်ဆိုင်တွေက အတော်စုံပါတယ်။ စာအုပ်တိုက် အကုန်နီးပါးပါပဲ။ စာအုပ်သမားတွေဆီက တညီတည်းလိုလို စကားတစ်ခွန်း ကြားရတယ်။ ဆိုင်ခန်းခ စျေးကြီးသတဲ့။ မိုးရာသီပွဲတုန်းက တစ်ရက်ကိုမှ တစ်သောင်း၊ အခု တစ်သောင်းခွဲတဲ့ံ။ ခေါက်ချိုးတက်သွားတာပဲ။ အင်းလေ အရာရာတက်နေတဲ့ ခေတ်ကြီးဆိုတော့လည်း ခေတ်မီအောင် တက်ရတော့တာ နေမှာပါခင်ဗျာ။

ဝယ်စရာစာအုပ်တွေက မောင်မှန်ကို အတော်ဆွဲဆောင်ပါတယ်။ ဒါပေမယ့် ဘတ်ဂျက်က ခွင့်မပြုပါဘူး။ ဒါကြောင့် ကိုယ်သာချစ်စိတ် တိတ်တိတ်ရယ်ဖြေရပါတယ်။ အပေါ်ထပ်က ဆိုင်တွေဆီရောက်တဲ့ အခိုက်မှာပဲ စာတမ်းဖတ်ပွဲက စပါတယ်။ မောင်မှန်မိတ်ဆွေ ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ပြီး စာအုပ်မြည်းနေမိတယ်။ မောင်မှန်မိိတ်ဆွေဆိုင်က စာတမ်းဖတ်တဲ့ ခန်းမနားမှာဆိုတော့ စာတမ်းဖတ််သံက မောင်မှန့်နားထဲ တောက်လျှောက်ရောက်နေပါတယ်။ ပထမတော့ အာရုံမထားမိဘူး။ နောက် တစ်လုံးစ နှစ်လုံးစ သတိထားမိသွားတယ်။ သတိထားစရာလည်း ရှိပြီးကိုး။ လက်ဝဲစာပေ၊ ဆိုရှယ်လစ်အရေး၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဒဂုန်တာရာ၊ သခင်သန်းထွန်း၊ သိန်းဖေမြင့်၊ သခင်သန်းထွန်း စတဲ့ အသံတွေ ခပ်စိပ်စိပ်ကလေး ကြားလာရတယ်။ ရဲပတောင်းကိုခတ်လို့။ ဆိုရှယ်လစ်နိုင်ငံကြီး တစ်ခုခုထဲ ရောက်သွားသလိုတောင် ထင်မိတယ်။ ဒါနဲ့ စာတမ်းရှင်း ဘယ်သူလဲ လေ့လာလိုက်တော့ ဆင်ဆာမလုပ်ပါဘူးဆိုပြီး စာတမ်းတွေလိုက်တောင်းတဲ့ ဆရာကြီးဖြစ်နေတယ်။ လက်ဝဲစာပေများ လွှမ်းမိုးလာခြင်းဆိုလားပဲ၊ စာတမ်းခေါင်းစဉ်ကလေ၊ မောင်မှန့်စိတ်ထဲ ရယ်ကျဲကျဲ ဖြစ်မိပါတယ်။ အပါယ်ခံရတဲ့ စာတမ်းတစ်စောင် နောက်ကျောမှာ လက်ဝဲသမိုင်းဖြစ်နေတယ်လို့ မှတ်ချက်အရေးခံရပြီး လက်ဝဲစာပေသမိုင်းလိုလို ဘာလိုလို စာတမ်းကျ ဖတ်လို့ရပြန်ရော။ တကယ်တော့ စာတမ်းရွေးချယ်မှုဆိုင်ရာ မူဝါဒဟာ မရေရာ မရှင်းလင်းလှပါဘူး။ ထားပါတော့။

စာတမ်းဖက်ပွဲ တစ်ပိုင်းပြီးသွားတဲ့ နေ့ခင်းဘက်ရောက်တော့လည်း စာအုပ်ပွဲထဲမှာ လူကပါးနေတုန်းပဲ။ အားရလောက်အောင် မများဘူး။ ဆိုင်ခန်းခတောင် မရသေးဘူးဆိုတဲ့ စာအုပ်သမားတွေရဲ့ ညည်းညူသံကို ပိုကြားလာရတယ်။ ဆိုင်ခန်းခ တစ်ရက် တစ်သောင်းခွဲ၊ သယ်ယူပို့ဆောင်စရိတ်တွေ၊ စားစရိတ်တွေ၊ လုပ်အားခတွေ ထည့်ပေါင်းလိုက်ရင် ဆိုင်တစ်ဆိုင်ထက် တစ်ရက်စရိတ်က မနည်းလှဘူး။ သေချာစဉ်းစားကြည့်မယ်ဆို စာအုပ်လောကက အရောင်းကျဆင်းနေတာ ပြည်သူတွေက စာဖတ်နိုင်ကြတာမဟုတ်ဘူး။ တစ်နေ့စာတစ်နေ့ ရုန်းကန်ရင်ဆိုင်နေကြရတာ အချိန်ပိုကို မရှိဘူး။ ဒါအားလုံး သိပြီးသား အထူးကို ဆိုဖွယ်မရှိဘူး။ ဒီလိုအခက်အခဲတွေကြားထဲက စာအုပ်တွေ အရောင်းတက်လာအောင် ပြည်သူတွေ စာအုပ်ပွဲကို လာချင်အောင်၊ ဝယ်ချင်အောင် ဆွဲဆောင်ပေးရမှာက သက်ဆိုင်ရာတို့ရဲ့ တာဝန်လို့ မောင်မှန်ထင်မြင်ယူဆပါတယ်။ ဆိုင်ခန်းခကို တတ်နိုင်သမျှ လျော့ချပေးပြီး ပွဲကို လူတွေစိတ်ဝင်စားလာအောင် စာဖတ်ချင်လာအောင် ဘယ်လိုလှု့ံဆောင်ကြရမလဲဆိုတာ ဝိုင်းဝန်းပူးပေါင်း အဖြေရှာသင့်တယ်။ အပေါ်ယံ ဟန်ပြလုပ်ဟန်လောက်နဲ့ကတော့ဖြင့် အဆင်ပြေမှာ မဟုတ်တာ သေချာတယ်။ မောင်မှန်က စေတနာနဲ့ အကြံပြုတာပါခင်ဗျာ။

ဝယ်နိုင်သလောက်ကလေးတော့ စာအုပ်ဝယ်မယ်လေဆိုပြီး စွန့်စားမှုတစ်ခုပမာ မောင်မှန် စာအုပ်ဆိုင်တွေကို ထပ်မွှေပါတယ်။ ဖတ်ချင်စရာ ဝယ်ချင်စရာတွေချည်းပါ။ အတိတ်တုန်းက ပိတ်ပင်ခံထားရတဲ့ စာအုပ်တွေ ပြန်ထွက်လာတာလည်း မနည်းဘူး။ (စာတမ်းအချို့ အပိတ်ခံရတဲ့ပွဲမှာ အရင်က အပိတ်ခံရတဲ့ စာအုပ်အချို့ တင်ရောင်းနေတာကျတော့လည်း တစ်မျိုးကြီးနော်) ဒီမှာတင် ဆရာမောင်နေဝင်း၊ ဆရာနတ်နွယ်၊ ဆရာမင်းကျော်တို့ သုံးယောက်ပေါင်းထုတ်တဲ့ တော်လှန်စာပေ ဆောင်းပါးများ စာအုပ်ထဲက အကြွင်းမဲ့စာပေ လွတ်လပ်ခွင့်ဟူသည်မရှိ၊ အုပ်စိုးသူက သူ့ကို အလွန်အကျွံ ထိပါးလာမည့် မည်သည့်စာပေမျိုးကိုမျှ ခွင့်ပြုလိမ့်မည်မဟုတ်ဆိုတဲ့ အင်မတန်ရိုးရှင်းတဲ့ အယူအဆလေးတစ်ခုကို မောင်မှန် ပြေးသတိရမိတယ်။ နောက်ပြီး စာပေလွတ်လပ်ခွင့် ဘယ်လောက်ရှိရှိ၊ ပိုက်ဆံလွတ်လပ်ခွင့်ကလည်း ရှိဦးမှ၊ ပိုက်ဆံမလွတ်လပ်ရင် စာပေဘယ်လောက် လွတ်လပ်လွတ်လပ် ဝယ်မဖတ်နိုင်ဘူး။ မယုံမရှိနဲ့၊ ဒါ မောင်မှန်ကိုယ်တွေ့ခင်ဗျ။ ဒီလိုနဲ့ ဆိုင်တစ်ဆိုင်မှာတွေ့တဲ့ ဆရာဇော်ဇော်အောင် စာအုပ်တစ်အုပ် ကောက်ကိုင်မိတယ်။ သမ္မတအဖြစ် စိတ်ကူး၍ ပီတာဇော်မြင့် ရူးသွားခြင်းတဲ့။ လှန်လိုက်တော့ အဖွင့်စာမျက်နှာမှာ စာအုပ်အမည် ပြန်ရေးထားပြီး ဆရာဇော်ဇော်အောင်ဆိုပြီး စာရေးသူအမည်ကို ဆရာတပ်ပြီး ပုံနှိပ်ထားတယ်။ စာအုပ်တွေမှာ ဒါမျိုး သိပ်မတွေ့ဖူးဘူး။ ထုတ်ဝေသူက ကြည်ညိုလွန်းလို့နေမှာပေါ့လေ။ အဲ ဘေးကဆိုင်တစ်ဆိုင် ဗီနိုင်းကို ကြည့်မိလိုက်တော့လည်း ဆရာ .... ၏ စာအုပ်များ အရောင်းဆိုင်တဲ့။ ဘယ်သူက ဘယ်သူ့ကို ကြည်ညိုလို့လဲတော့ မသိဘူးပေါ့လေ။ မောင်မှန်ဟာ ဘာစာအုပ်မှ မဝယ်ဖြစ်ပဲ စျေးပွဲက ပြန်ခဲ့ကြောင်းပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly