ထူးထူးခြားခြား Poohsticks ဆိုတဲ့ အားကစား

11 December 2016
ထူးထူးခြားခြား Poohsticks ဆိုတဲ့ အားကစား

ဒီတစ်ပတ်မှာတော့ Poohsticks ဆိုတဲ့ ပြိုင်ပွဲလေးအကြောင်းကို ပြောပြပေးမှာပါ။ ဘယ်လိုကစားနည်းလေးလဲဆိုတာ ကျွန်တော်တို့အရင်ကြည့်လိုက်ကြရအောင်ပါ။

ဖူးစတစ်စ်ဆိုတာကတော့ စာရေးဆရာ အလန် အလက်ဇန္ဒား မဲ့လ်ရဲ့ The House at Pooh Corner စာအုပ်ထဲမှာ ပထမဆုံး ဖော်ပြခံရတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ကစားနည်းတစ်ခုဖြစ်ပြီး ရေစီးနေတဲ့မြစ်ရဲ့တံတားတဖက်ခြမ်းကနေ တုတ်ချောင်းလေးတွေလွှတ်ချလိုက်ပြီး တစ်ဖက်မှာအရင်ဆုံးပြန်ပေါ်တဲ့တုတ်ချောင်းရဲ့ပိုင်ရှင်က အနိုင်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖူးစတစ်စ်ချန်ပီယံရှစ်ကို ၁၉၈၄ ခုနှစ်ကစပြီး အင်္ဂလန်နိုင်ငံသိမ်းမြစ်ပေါ်က ဒေးလော့ခ်ရေလွှဲမှာနှစ်စဉ်ကျင်းပနေပါတယ်။

ဒီကစားနည်းဟာ စာရေးဆရာ အေအေ မဲ့လ်က သူ့သားဖြစ်သူအတွက် တီထွင်ပေးလိုက်တဲ့ကစားနည်းဖြစ်ပါတယ်။ သူဟာ ဝက်ဝံကလေး ဝင့်နီသယ်ဖူးအကြောင်းရေးထားတဲ့စာအုပ်ထဲမှာ အဲဒီကစားနည်းကိုထည့်ရေးခဲ့ပြီး ဒစ္စနေးကဖန်တီးတဲ့ ကာတွန်း ဇာတ်ကားထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ အပြင်မှာတော့ ၁၉၀၇ ခုနှစ်ကတည်ဆောက်ခဲ့တဲ့ ပို့စင်းဖို့ဒ်တံတားပေါ်မှာဖြစ်ပြီး မဲ့လ်တို့ သားအဖကပဲ ပထမဆုံးကစားခဲ့ကြတယ်လို့ ယူဆရပါတယ်။

ဒီကစားနည်းက ကလေးတွေအတွက် အဓိကရည်ရွယ်ထားတာပါ။ ပြိုင်ပွဲဝင်နှစ်ဦးနဲ့အထက်ပါဝင်ပြီး ရိုးရာအတိုင်းဆိုရင်တော့ တံတားဒီဘက်ကနေတုတ်ချောင်းတွေလွှတ်ချ။ ပြီးရင် ဟိုက်ဘက်ခြမ်းကိုပြေးသွားပြီး ဘယ်သူ့ဟာအရင်ရောက်လာလဲကြည့်။ အရင်ရောက်တဲ့သူ အနိုင်ရမှာဖြစ်ပါတယ်။ ခေတ်သစ်မှာတော့ မြစ်အတွင်း တာထွက်နဲ့ ပန်းတိုင်အမှတ်အသားတွေလုပ်ထားပြီး ပန်းတိုင်ကိုအရင်ရောက်တဲ့ တုတ်ချောင်းရဲ့ ပိုင်ရှင်က အနိုင်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်မယ့် တုတ်ချောင်းတွေကို ဖန်တီးထားတဲ့ပစ္စည်းတွေထက် သဘာဝသစ်သားချောင်းတွေကိုသာ အများအားဖြင့်ခွင့်ပြု လေ့ရှိပြီး မိုးမခသားကို အသုံးများကြပါတယ်။ ပြိုင်ပွဲဝင်အားလုံးဟာ အသိအမှတ်ပြုစကားတစ်ခုကို ဒိုင်ဖြစ်သူကအော်လိုက်တာ နဲ့ တုတ်တွေကိုတစ်ပြိုင်တည်း လွှတ်ချရပါတယ်။ ရေထဲကို လွှတ်ချရတာပါ။ ပစ်ချရတာမဟုတ်ပါဘူး။ ပစ်ချတာတွေ့ရင်တော့ ပြိုင်ပွဲကနေထုတ်ခံရမှာပါ။

ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို အောက်စ်ဖို့ရှိုင်းယား၊ ဒေါ်ချက်စတာရွာနားက ဒေးလော့ရေလွှဲမှာနှစ်စဉ်ကျင်းပလေ့ရှိပြီး နိုင်ငံခြားသား တွေအပါအဝင် ဧည့်သည် ၁၅၀၀ လောက်ကို ဆွဲဆောင်နေပါတယ်။ တစ်ဦးချင်းနဲ့ ခြောက်ယောက်တွဲပြိုင်ပွဲဆိုပြီး ပြိုင်ပွဲအမျိုးအစားနှစ်မျိုးရှိပါတယ်။ လာပြိုင်တဲ့သူတွေကတော့ အင်္ဂလန်ကအပြင် အမေရိကန်၊ ဂျပန်၊ ကင်ညာ၊ သြစတြေးလျ အစုံပါပဲ။ အခုဆိုရင် တဖြည်းဖြည်းနဲ့ ပိုမိုရေပန်းစားကျယ်ပြန့်လာနေတဲ့အတွက် လက်ရှိနေရာအနေအထားနဲ့ မဖြစ်နိုင်တော့လို့ ၂၀၁၅ ပြိုင်ပွဲပြီးကတည်းက နေရာသစ်ရှာဖွေနေရပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags