မြန်မာအသင်းက မထင်မရှား သူရဲကောင်းများ

မြန်မာအသင်းက မထင်မရှား သူရဲကောင်းများ

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့ ပေမယ့် ဆီမီးနှစ်ကျော့မှာတော့ ထိုင်းကို နှစ်ကျော့စလုံးဂိုးပြတ်ရှုံးပြီး ဗိုလ်လုပွဲနဲ့ဝေးခဲ့ရပါတယ်။ ဒါပေမယ့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်း၊ ဆီမီးဖိုင်နယ်နှစ်ကျော့မှာ ထိုင်းကို ခြေရည်တူယှဉ် ကစားနိုင်ခဲ့ခြင်းတွေကြောင့် ပရိသတ်အများစုကတော့ မြန်မာအသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ခဲ့ကြပါတယ်။

မြန်မာအသင်းဟာ ဆူဇူကီးဖလားဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ အသင်းလေးသင်းထဲမှာ ပျမ်းမျှအသက်အငယ်ဆုံး အသင်းဖြစ်သလို လူငယ်တိုက်စစ်မှူး အောင်သူရဲ့ခြေစွမ်းကိုလည်း   နိုင်ငံတကာက မြင်တွေ့ကြည့်ရှုခဲ့ရပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ စွမ်းဆောင်ရည်နဲ့အတူ အောင်သူ၊ ဇော်မင်းထွန်းစတဲ့ သူရဲကောင်းကစားသမားတွေ   ပေါ်ထွက်လာခဲ့ပေမယ့် မြန်မာအသင်းရဲ့ အောင်မြင်မှုအဓိက သော့ချက်မှာတော့ ပရိသတ်တွေ သတိမထားမိတဲ့ ကစားသမားအချို့ရှိနေပါတယ်။ သူတို့တွေဟာ ပရိသတ် မျက်စိထဲစွဲနေအောင် ဘောလုံးမကစားပြနိုင်ခဲ့ပေမယ့် ကျရာနေရာမှာ အားထုတ်မှု ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ အသင်းအောင်ပွဲရအောင် ကြိုးစားပေးခဲ့ကြသူတွေပါ။ သူတို့တွေကတော့…….

ကျော်ဇင်လွင်

မကွေးအသင်းက မွေးထုတ်ပေးလိုက်တဲ့ ညာနောက်ခံကစားသမား ကျော်ဇင်လွင်ဟာ ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် လက်ရွေးစင်အသင်းကို ရောက်ရှိလာတဲ့ ကစားသမား တစ်ဦးပါ။ ကျော်ဇင်လွင်ဟာ မြန်မာယူ-၂၂အသင်းရောက်မှ နိုင်ငံတကာပွဲတွေစ ကစားခွင့်ရတာဖြစ်ပေမယ့် ဘယ်ပြိုင်ပွဲမှာမဆို ရှိန်မနေပဲ ရဲရဲတင်းတင်း ကစားတတ်သူပါ။

၂၀၁၅ ဆီးဂိမ်းမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းပြကာ ပွဲထွက်လူစာရင်းမှာ တောက်လျှောက် ကစားခွင့်ရခဲ့သလို ဆူဇူကီးဖလားပြိုင်ပွဲမှာလည်း အုပ်စုအဖွင့်ပွဲမှာ လူစားဝင်ခွင့်ရခဲ့ပြီး ဆီမီးဖိုင်နယ် ပထမအကျော့အထိ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ကျော်ဇင်လွင်ဟာ မြန်မာအသင်းရဲ့ဆူဇူကီးအကြို ခြေစမ်းပွဲတွေမှာတောင် ပွဲထွက်ခွင့်မရခဲ့ပေမယ့် ဗီယက်နမ်နဲ့ပွဲမှာ နည်းပြ ဂတ်ဇီဆီက ယုံကြည်မှုအပြည့်နဲ့ လူစားဝင်ကစားစေခဲ့သလို သူကလည်း နည်းပြရဲ့ယုံကြည်မှုအတိုင်း ကစားပေးနိုင်ခဲ့ပါတယ်။ မြန်မာအသင်းရဲ့ ညာတောင်ပံမှာ ဒေးဗစ်ထန်း+ကျော်ဇင်လွင်အတွဲဟာ အုပ်စုပွဲစဉ်သုံးပွဲစလုံး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်အတွက် အထောက်အပံ့ဖြစ်စေခဲ့သလို ခံစစ်အတွက်လည်း ဗဟိုခံစစ်မှူးတွေကို ကူညီပေးနိုင်ခဲ့ပါတယ်။

ကျော်ဇင်လွင်ရဲ့ ကြိုးစားအားထုတ်မှုဟာ မြန်မာအသင်းအုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် ကြီးမားတဲ့ အထောက်အပံ့တွေဖြစ်စေခဲ့ပေမယ့် ပရိသတ် မျက်စိထဲမှာတော့ လှပအောင်ဆွဲဆောင်ကစားနိုင်တာမျိုး မရှိခဲ့ ပါဘူး။ ကျော်ဇင်လွင်ဟာ လျှင်မြန်မှု၊ ကြံ့ခိုင်မှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ ကစားတတ်ပေမယ့် ဘောလုံးအခြေခံ အားနည်းချက်အချို့ရှိခဲ့လို ကိုယ့်ထက်ဘောလုံးပညာမြင့်မားတဲ့ ထိုင်းနဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရပါတယ်။

ဖြိုးကိုကိုသိန်း

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အစဉ်အဆက်ဟာ ခံစစ်ပိုင်းမှာ အမြဲလိုအားနည်းချက်တွေ ရှိတတ်ပြီး ပြိုင်ပွဲတိုင်းမှာလည်း သွင်းဂိုးတွေကို အလွယ်တကူခွင့်ပြုရတတ်လေ့ရှိပါတယ်။ ဒါပေမယ့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းခံစစ်ဟာ အမှားတွေရှိခဲ့ပေမယ့် ခြေစွမ်းမကွာတဲ့အသင်းတွေနဲ့ ပွဲတွေ မှာ ပြိုင်ဘက်တိုက်စစ်မှူးတွေကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ မြန်မာအသင်းခံစစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဘောလုံးဝေဖန်သုံးသပ်သူတွေရော ပြည်တွင်း ပရိသတ်တွေကပါ အဓိကထား ချီးကျုးခဲ့ကြတာက ဇော်မင်းထွန်းပါ။

ဒါပေမယ့် ဇော်မင်းထွန်းကို အထောက်အပံ့ဖြစ်စေဖို့ ကြိုးစားကစားပေးခဲ့တဲ့ တွဲဖက်ခံစစ်မှူး ဖြိုးကိုကိုသိန်းကိုတော့ အားလုံးမေ့လျော့ခဲ့ကြပါတယ်။ တကယ်တော့ ဖြိုးကိုကိုသိန်းဟာလည်း နည်းပြ ဂတ်ဇီဆီရဲ့ အစီအစဉ်(က)ထဲမှာပါတဲ့ ကစားသမားတော့မဟုတ်ပါဘူး။ မြန်မာအသင်းရဲ့ ပွဲထွက်ခံစစ်သမား တစ်ဦးဖြစ်တဲ့ ဟံသဝတီယူနိုက်တက်အသင်းခေါင်းဆောင် အောင်ဇော် ဒဏ်ရာကြောင့် ဆူဇူကီးဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာကြောင့် ပွဲထွက်ကစားသမားဖြစ်လာသူပါ။ ဖြိုးကိုကိုသိန်းဟာ ဆူဇူကီးအကြိုခြေစမ်းကစားခဲ့တဲ့ အင်ဒိုနီးရှား၊ အိုမန်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ ကတည်းက ပွဲထွက်ကစားသမားအဖြစ် တောက်လျှောက်ကစားခဲ့ပြီး ဆူဇူကီးဖလားပြိုင်ပွဲမှာလည်း ထိုင်းနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ် အထိပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဗဟိုခံစစ်မှာ ဇော်မင်းထွန်း တည်တည်ငြိမ်ငြိမ်နဲ့ ဖျက်ထုတ်ကစားနိုင်ဖို့ ဖြိုးကိုကိုသိန်းက ကွင်းလယ်စည်းလောက် အထိ တက်ထောက် ဖျက်ထုတ်ကစားပေးခဲ့ပြီး ပွဲတိုင်းမှာ အနာခံ ကစားလေ့ရှိပါတယ်။ ဖြိုးကိုကိုသိန်းရဲ့ အကောင်းဆုံးခြေစွမ်းကိုတော့ မလေးရှားနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ မြင်တွေ့ခဲ့ရပြီး မလေးရှားအသင်းတိုက်စစ်ကို ကွင်းလယ်ခံစစ်သမားတွေဖြစ်တဲ့ ရန်အောင်ကျော်၊ မျိုးကိုထွန်းတို့နဲ့ အတူ ပူးပေါင်းဟန့်တားနိုင်ခဲ့ပါတယ်။

ကောင်းဆက်နိုင်

ထိုင်းဒေသတွင်းလိဂ်-၂ကလပ် ဆာမက်ဆခွန်အသင်းမှာ ကစားနေတဲ့ မြန်မာယူ-၂၃တိုက်စစ်မှူး ကောင်းဆက်နိုင်ဟာ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို နောက်ဖေးပေါက်က ဝင်ရောက်လာခဲ့တာလို့ ဆိုရမှာပါ။ ဥရောပခရီးစဉ်ကနေ ကျော်ကိုကိုနဲ့ သီဟဇော်ကို ပြန်လည်စေလွှတ်ပြီးနောက်မှာ နည်းပြ ဂတ်ဇီဆီဟာ ကောင်းဆက်နိုင်ကို အားဖြည့်ရွေးချယ်ခဲ့ပါတယ်။ ထိုင်းလိဂ်မှာ တစ်ရာသီနီးပါးကစားခဲ့ရလို့ ကြံ့ခိုင်မှုနဲ့ လျှင်မြန်မှုပိုကောင်းလာတဲ့ ကောင်းဆက်နိုင်ဟာ ခြေစမ်းပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဆူဇူကီးဖလားအုပ်စုပွဲစဉ် နှစ်ပွဲမှာတော့ အထောင်တိုက်စစ်မှူးနေရာမှာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

အုပ်စု ဒုတိယပွဲဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ပွဲ၊ မလေးရှားနဲ့ပွဲတွေ အပြင် ထိုင်းနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အထိ ကောင်းဆက်နိုင်ဟာ ပွဲထွက်တိုက်စစ်မှူးဖြစ်တဲ့ ဝင်းနိုင်စိုးနေရာမှာ အစားထိုး ကစားခွင့်ရခဲ့ပါတယ်။ ကောင်းဆက်နိုင်ဟာ အဆုံးသတ်ပိုင်း အားနည်းချက်တွေရှိတာကြောင့် ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်မလာခဲ့ပေမယ့် နည်းပြရဲ့ယုံကြည်မှုအတွက်တော့ အကောင်းဆုံး ပေးဆပ်ကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့တိုးအား၊ လျှင်မြန်မှု၊ အနာခံ ကစားတတ်မှုတွေကြောင့် အောင်သူအတွက်လည်း နေရာလွတ်တွေဖန်တီးပေးနိုင်ခဲ့ပါတယ်။

မျိုးကိုထွန်း

အာတီတာ လို့ အသင်းဖော်တွေက အမည်ပြောင်ပေးထားတဲ့ မျိုးကိုထွန်းဟာ ဂတ်ဇီဆီရဲ့ကမ္ဘာ့ဖလားမျိုးဆက် စပြီးတည်ဆောက်ခဲ့စဉ်ကတည်းက အသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တာပါ။ ယူ-၂၀ ကမ္ဘာ့ဖလားအပြီးမှာ မိခင်ကလပ် ရတနာပုံအသင်းနည်းပြ ရီနီက ကွင်းလယ်ဗဟိုကစားသမားကို ညနောက်ခံနေရာမှာ ပြောင်းလဲကစားစေခဲ့ပါတယ်။

မျိုးကိုထွန်းဟာ ညနောက်ခံနေရာမှာလည်း ပုံမှန်ခြေစွမ်းရအောင်ကစားနိုင်ခဲ့လို့ လက်ရွေးစင်အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်းမှာလည်း ညနောက်ခံနေရာမှာပဲ နည်းပြ ဂတ်ဇီဆီက ဆက်သုံးခဲ့ပါတယ်။ ဒါပေမယ့် ဆူဇူကီးဖလားအဖွင့်ပွဲဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲမှာတော့ မျိုးကိုထွန်းအတွက်ရော မြန်မာအသင်းအတွက်ပါ အလှည့်အပြောင်းဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို နည်းပြ ဂတ်ဇီဆီက ချမှတ်ခဲ့ပါတယ်။ာ ခြေစမ်းပွဲတွေမှာကတည်းက ရန်အောင်ကျော်နဲ့ တွဲကစားဖို့ အခက်အခဲရှိနေတဲ့ ရဲကိုဦးနေရာမှာ မျိုးကိုထွန်းကို အစားထိုးခဲ့ပြီး မြန်မာအသင်းဆီမီး တက်နိုင်မယ့်ခြေစွမ်းမျိုးရအောင် မျိုးကိုထွန်းကလည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မျိုးကိုထွန်းဟာ ကွင်းလယ်ဗဟိုမှာ မြန်မာအသင်းဘောလုံးပိုင်ဆိုင်ခွင့်အသာရအောင် ထိန်းချုပ်ကစားနိုင်သလို တိုက်စစ်၊ ခံစစ် နှစ်မျိုးစလုံးမှာ အသင်းခေါင်းဆောင် ရန်အောင်ကျော်နဲ့ ဟန်ချက်ညီညီ ကစားနိုင်ခဲ့ပါတယ်။ အသင်းအတွက် ပွဲတိုင်းမှာ ၁၀၀ရာခိုင်နှုန်းအပြည့် အားထည့်ကစားပေမယ့် အားနည်းချက်ကတော့ မိနစ် ၉၀ အပြည့်ကြံ့ခိုင်မှုပြည့်အောင် မကစားနိုင်တာပါ။

မြန်မာအသင်းရဲ့အလားအလာ

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာက ကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ၊ ဆေးအဖွဲ့အားလုံးညီညီညွတ်ညွတ်နဲ့ ကြိုးစား ကစားနိုင်ခဲ့လို့ပါ။ အသင်းအတွက် ကစားသမားတိုင်းက ရာနှုန်းပြည့်ပေးဆပ်ကစားခဲ့တာဖြစ်ပြီး လက်ရွေးစင် အသင်းတွေမှာ မြင်ရခဲတဲ့ စည်းလုံးညီညွတ်မှု၊ နည်းစနစ်တကျ ကစားဟန်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ထက်ပါ ရွေးချယ်ခဲ့တဲ့ကစားသမားတွေကတော့ စာရေးသူရဲ့တစ်ဦးတည်းအမြင်ဖြစ်ပြီး အသင်းအတွက် အနစ်နာခံပေးဆပ်ခဲ့သူတွေကို ထုတ်ဖော်ဂုဏ်ပြုပေးတာပါ။ ဆူဇူကီးဖလားပြိုင်ပွဲမှာ ပျမ်းမျှအသက် ၂၃ ဝန်းကျင်မှာပဲရှိသေးတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ လာမယ့် ၂၀၁၈ ပြိုင်ပွဲမှာတော့ ဘောလုံးပရိသတ်တွေ မျှော်လင့်တောင့်တနေတဲ့ ချန်ပီယံဆုဖလားကြီးကို ရယူပေးနိုင်မလားဆိုတာကတော့ ……………..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly