လက်စတာကို ရှုံးနိမ့်မှုအတွက် ကစားသမားများကို အပြစ်တင်ရန် မရှိဟု ဂွါဒီယိုလာ ပြော

လက်စတာကို ရှုံးနိမ့်မှုအတွက် ကစားသမားများကို အပြစ်တင်ရန် မရှိဟု ဂွါဒီယိုလာ ပြော

ဒီဇင်ဘာ ၁၁၊ အင်္ဂလန် ။             ။ လက်စတာအသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက်တွင် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကစားသမားများကို အပြစ်တင်ရန် မရှိကြောင်း ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းအနေဖြင့်ထိုပွဲစဉ်တွင် ခံစစ်ပိုင်းအမှားများရှိခဲ့ပြီး ဂိုးသွင်းခွင့်များကို အသုံးမချနိုင်သည်မှာ မှန်သော်လည်း ကစားပုံဆိုးရွားခဲ့သည်ဆိုခြင်းကိုမူ ဂွါဒီယိုလာက လက်မခံကြောင်း ပြောသည်။

ထိုပွဲစဉ်တွင် မန်စီးတီးအသင်းမှာ ပထမပိုင်း ၅ မိနစ်အတွင်းမှာပင် ၂ ဂိုးပေးခဲ့ရသလို ၄ ဂိုးသွင်းခံခဲ့ရပြီးနောက်မှ ၂ ဂိုးပြန်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်စတာတိုက်စစ်မှူးဗာဒီသွင်းယူခဲ့သည့် ၄ ဂိုးမြောက်ဂိုးတွင်လည်း ပေါင် ၄၇ သန်းတန် ခံစစ်မှူး ဂျွန်စတုန်းမှာ အမှားပြုလုပ်ခဲ့သည်။

သို့သော် ဂွါဒီယိုလာက ‘ကျွန်တော့်ရဲ့ကစားသမားတွေကို စိတ်မပျက်ပါဘူး။ သူတို့က ပရော်ဖက်ရှင်နယ်တွေပါ။ သူတို့ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ကစားသမားတွေကို အပြစ်မတင်ပါဘူး။ ကျွန်တော် ဘာလုပ်သင့်သလဲဆိုတာ ကိုယ့်ကိုကိုယ်ပဲ ပြန်ကြည့်ပါတယ်။

ဒီပွဲမှာ ဒုတိယဘောလုံးထိချက်နဲ့ ပတ်သက်ပြီး အမှားတွေများခဲ့ပါတယ်။ လက်စတာကတော့ ဒုတိယဘောလုံးထိချက်တိုင်း ကောင်းကောင်းကစားသွားနိုင်ခဲ့ပါတယ်။ အင်္ဂလန်ရဲ့ စတိုင်ကိုက ဒုတိယဘောလုံးထိချက်မှာ အခွင့်အရေးမပေးရအောင် ကြိုးစားတာပါ။ ကျွန်တော်ကတော့ ပွဲတိုင်း ပွဲကို ထိန်းချုပ်ကစားနိုင်အောင်ကြိုးစားပါတယ်။ ဒါကြောင့် ဂိုးတွေပေးရလေ့ရှိပါတယ်။ ကျွန်တော်က ခံစစ်အသားပေးနည်းပြမဟုတ်လို့ ဖျက်ထုတ်ပုံကို မသင်ကြားပါဘူး။

ကျွန်တော် ပွဲတွေကို အနိုင်ရလိုပါတယ်။ မရှုံးချင်ပါဘူး။ ပရီးမီးယားလိဂ်က ထူးခြားမှုတစ်ခုခုရှိတယ်လို့တော့ ခံစားရပါတယ်။ ဒါပေမဲ့ကွင်းထဲရောက်သွားရင်တော့ အနေအထားက အတူတူပါပဲ။ ကျွန်တော်တို့အသင်း ခြေစွမ်းကောင်းတွေ ရရှိလာမယ်လို့ ယုံကြည်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required