မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းလွှတ်တော်ဥက္ကဌနှစ်ဦးတို့ကို လေ့လာသုံးသပ်ရေးအဖွဲ့က ယ​နေ့ ​ခေါ်ယူ​မေးမြန်​းမည်​

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းလွှတ်တော်ဥက္ကဌနှစ်ဦးတို့ကို လေ့လာသုံးသပ်ရေးအဖွဲ့က ယ​နေ့ ​ခေါ်ယူ​မေးမြန်​းမည်​

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။                 ။ လွှတ်တော်နှင့် ပတ်သက်သည့် ကိစ္စဖြင့် တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ တို့ကို ဒီဇင်ဘာ ၁၁ ရက်နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်၌ လေ့လာသုံးသပ်ရေးအဖွဲ့က ခေါ်ယူမေးမြန်းမှုများပြုလုပ်မည်ဟု ဦးကျော်ဟိုးက မဇ္စျိမသို့ပြောသည်။

တိုင်ကြားခံရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးတစ်ချို့က တိုင်ကြားထားခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုဥက္ကဋ္ဌ ဦးကြည်စိုး တို့ကို တိုင်းလွှတ်တော် ကိုယ်စားလှယ်များက တိုင်ကြားထားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိခဲ့​ပေ။

“မကင်းရာမကင်းကြောင်းတွေပေးတယ် ဆိုပြီးတော့ လူမှုကွန်ယက်ပေါ်မှာ ရေးနေတာတွေကို အခြေခံ ပြီးတော့ မစုံစမ်းဘဲနဲ့ တစ်ခါတည်း ဒီလိုမျိုးထင်ကြေးနဲ့တိုင်တာပဲဖြစ်မှာပေါ့။ သူတို့လည်း အဲ့လိုတိုင်ခွင့်ရှိတယ်လေ။ ဘာပဲပြောပြော ဒီမိုကရေစီခေတ်ပဲ သူတို့ တိုင်တဲ့အခါမှာ ကျွန်တော်တို့လည်း ဖြေရှင်းပေးဖို့တာဝန်ရှိတယ်" ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဌ ဦးကြည်စိုးက ပြောသည်။

တိုင်ကြားသူများကို လွန်ခဲ့သည့်နှစ်ပတ်ခန့်က မေးမြန်းမှုများပြုလုပ်ခဲ့ပြီး တိုင်ကြားခံရသူများကိုမူ ယ​နေ့ ပထမဆုံးအကြိမ် တွေ့ဆုံ​မေးမြန်းခြင်းဖြစ်သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းလွှတ်တော် နှစ်ဦးကို စစ်ဆေးရန် အချက်အလက်များ မပြည့်စုံသေးပါက တိုင်ကြားသူများကို မေးမြန်းမှုများ ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း ဦးကျော်ဟိုး၏ ပြောပြချက်အရသိရသည်။

“အချက်အလက်ပြည့် စုံပြီလား မပြည့်စုံရင်လိုအပ်သလို ဆက်လုပ်ရမှာပေါ့ အချက်အလက်ပြည့်တယ်ဆိုရင်တော့ သုံးသပ် ချက်ရမှာပေါ့" ဟု ဦးကျော်ဟိုးကပြောဆိုသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီဒေသကြီးအတွင်းမှ တိုင်စာများရောက်ရှိလာသည့်အတွက် အဆိုပါတိုင်စာများ မှန်မမှန် စစ်ဆေးရန် ဦးဉာဏ်​ဝင်းဦးဆောင်သည့် လေ့လာသုံးသပ်ရေးအဖွဲ့ကို နိုဝင်ဘာ ၂၈ ရက်တွင်​့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်​းခဲ့သည်​။

အဆိုပါအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်းက ခန်​့အပ်​ခံရပြီး အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required