၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ကျောင်းထိုင်ဘုန်းကြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ကျောင်းထိုင်ဘုန်းကြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ။                     ။  ပဲခူးတိုင်း၊ ပြည်မြို့ရှိ ခမ်းရတနာ ပရဟိတမူလတန်းလွန်ကျောင်းတွင် ပညာသင်ကြားနေသည့် ရတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့်   ကျောင်းထိုင်ဘုန်းကြီးအား ဒီဇင်ဘာ ၉ ရက်နေ့က ပြည်ခရိုင်တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ပြည် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) ဦးသက်ဝင်းလှိုင်မှ မဇ္စျိမသို့ပြောသည်။

အဆိုပါအမှုအတွက် ခမ်းရတနာကျောင်းတိုက် ကျောင်းထိုင် ဦးဝါယမ (ခ) ခွန်မောင်လင်းအား လူဝတ်လဲ အမှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုထင်ရှားသောကြောင့် ပြည်ခရိုင် ဒုတိယတရားသူကြီး ဦးမြတ်စံက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် အနှစ် ၂၀နှင့် ပုဒ်မ ၂၉၅ (က) သာသာနာ ညှိုုးနွမ်းစေမှုအရ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ၂ ရပ်တပေါင်းတည်း ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့မရဲစခန်းမှ ဗိုလ်ကြီးမျိုးမြင့် ကပြောသည်။

“ ၂၀နှစ် က တစ်ခု ၊ ၂ နှစ်ကတစ်ခု ၊ ၂၂ နှစ်ကို တပေါင်းတည်းကျခံစေဆိုတော့ ၂၀ ဖြစ်သွားတာပေါ့နော် ” ဟု ပြည်မြို့မရဲစခန်းမှ ဗိုလ်ကြီးမျိုးမြင့် ကပြောဆိုသည်။

ဖြစ်စဉ်မှာ ရ တန်းအရွယ်ကျောင်းသူကို ၂၀၁၄ ခုနှစ်အတွင်း ၉ လပိုင်း၊ ၁၁ လပိုင်း၊ ၁၂ လပိုင်းထိ  ၃ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအကြိမ်တွင် ကျောင်းသူ၏ ဆရာမက သိရှိပြီး   ပြည်မြို့မရဲစခန်း သို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒေါ်မော်မော်ဝင်းဆိုတဲ့ ဆရာမပေါ့။ သူကလာ တိုင်တာ ”ဟု  ဗိုလ်ကြီးမျိုးမြင့်က ပြောဆိုသည်။

သို့သော်လည် ၁၁ လပိုင်းတစ်ကြိမ်တွင် အဓမ္မပြုကျင့်သည့် အဆင့်ထိ မရောက်ဘဲ ကြံစည်ခဲ့သည် အဆင့်သာဖြစ်ခဲ့ကြောင်း သိရသည်။

၇ တန်းကျောင်းသူ၏ ဆရာမဖြစ်သူ ဒေါ်မော်မော်ဝင်း ကိုယ်တိုင် အမှုဖွင့်ခဲ့ပြီး ၂၀၁၅ ခုနှစ် ၁ ပိုင်း ၁၃ ရက်တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ခမ်းရတနာ ပရဟိတ မူလတန်းလွန် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၂၀၀ကျော်ကို ၂၀၀၀ ခုနှစ်မှ စတင်ပညာသင်ကြားပေးနေခြင်းဖြစ်သည်။

လက်ရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ကျောင်းထိုင်ဆရာတော် အသစ်ရွေးချယ်ကာ ဆက်လက်ပညာသင်ကြားပေးနေကြောင်း ဗိုလ်ကြီးမျိုးမြင့် ပြောပြချက်အရသိရသည်။

အလယ်တန်းအဆင့်အထိ ပညာသင်ကြားပေးနေခြင်းဖြစ်ကာ ရှင်သာမဏေ ၃၃ ပါးနှင့် မိန်းကလေး ၄၀ ခန့်မှာ ကျောင်းအိပ်ကျောင်းစားဖြင့် ပညာသင် ကြားနေပြီး အများစုမှာ ရှမ်းပြည်နယ်မှ ပအို့တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required