သေဒဏ်ကျခံနေရသူ မြန်မာနှစ်ဦးအမှု တရားရုံးက နောက်ဆုံး ဆုံးဖြတ်ချက် အမိန့်ချတော့မည်

သေဒဏ်ကျခံနေရသူ မြန်မာနှစ်ဦးအမှု တရားရုံးက နောက်ဆုံး ဆုံးဖြတ်ချက် အမိန့်ချတော့မည်
photo -www.thaivisa

ချင်းမိုင်၊ ဒီဇင်ဘာလ ၁၀ ။          ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားနှစ်ဦးအမှု အယူခံအပေါ် ထိုင်းအစိုးရ ရှေ့နေများဘက်မှ ဖြေရှင်းချက် မပေးတော့သဖြင့် အယူခံတရားရုံး၏ ဆုံးဖြတ်ချက်ချရန် အမိန့်ချလိုက်ပြီ်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးအဖွဲ့မှရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

တရားရုံးသို့ တရားခံများ၏ ရှေ့နေများတင်ပြထားသည့် နောက်ဆုံး အယူခံလျှောက်လဲချက်အပေါ် ဖြေရှင်းချက်ပေးရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နောက်ဆုံးလျှောက်လဲချက် ပေးရမည်ဖြစ်သော်လည်း လာရောက်ဖြေရှင်းခြင်း မရှိခဲ့သည့်အတွက် အယူခံတရားရုံး၏ လုပ်ထုံးလုပ်နည်းအရ အမိန့်ချတော့မည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“တရားရုံးအနေနဲ့ လုပ်သင့်တာကို ဆက်လုပ်ပါမယ်လို့ အမိန့်ချလိုက်ပါပြီ။ တရားရုံးက တစ်ခုခုအမိန့်ချဖို့ လုပ်ပါလိမ့် မယ်။ အယူခံ တရားရုံးက နောက်ဆုံး အမှတ် ၈ ရဲစခန်းကို စာပို့ပြီးပါပြီ။ ဟိုဘက်က ဖြေရှင်းချက်ပေးတာ မပေးတာ သူတို့ရဲ့ အပိုင်းပါ၊ စာပို့ပြီးပေမဲ့ ဟိုဘက်က ဖြေရှင်းချက်၊ ပေးတာ မပေးတာ သူတို့အပိုင်းပါ။ အဲတော့ အယူခံတရားရုံး အ နေနဲ့ ဖြေရှင်းချက်ပေးသည်ဖြစ်စေ။ မပေးသည်ဖြစ်စေ၊ သူတို့ရဲ့ တရားဥပဒေ လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင် ရွက်သွားမယ်လို့ ပြောပါတယ်။ အမိန့်ချဖို့ကိုဘဲ စောင့်နေရမှာပါ” ဟု သူက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က အစိုးရ ရှေ့နေဘက်မှ တရားခံ နှစ်ဦး၏ အယူခံအပေါ် ဖြေရှင်းချက် မပေးသည့်အတွက် အ ယူခံ တရားရုံးက ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှ မူလတရားရုံးဖြစ်သော အမှတ် ၈ ကော့စမွီ တရားရုံးသို့ စာပေးပို့၍ နောက်ထပ် ရက်သတ္တပတ် အချိန်ပေးခဲ့သော်လည်း လာရောက်ဖြေရှင်းရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က လိပ်ကွန်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ကော့စမွီတရားရုံးက သေဒဏ် အမိန့်ချမှတ်ခဲ့သည်ကို တရားခံရှေ့နေများဘက်မှ စာမျက်နှာပေါင်း ၁၈၉ မျက်နှာပါ အယူခံ လျှောက်လဲခဲ့ခြင်း ဖြစ်သည်။

ယင်းအယူခံကို မေလ ၂၃ ရက်က ထိုင်းအယူခံ တရားရုံးက လက်ခံခဲ့ပြီး ထိုင်းအစိုးရ ရှေ့နေများဘက်မှ ဖြေရှင်းချက် ပေးရန် ၉ ကြိမ်တိုင် တောင်ဆိုခဲ့သော်လည်းလာရောက် ဖြေရှင်းခြင်းမရှိခဲ့သဖြင့် အယူခံ တရားရုံးက နောက်ဆုံး ဆုံး ဖြတ်ချက်ချရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ပြစ်ဒဏ်ပြောင်းလဲခြင်း၊ မူလပြစ်ဒဏ်ဖြစ်စေ ထိုင်းတရားဥပဒေ လုပ်ထုံးလုပ်နည်းအရ တရားရုံးမှ ဆုံးဖြတ်သည့် အမိန့် စာကို ထိုင်းအစိုးရ ရှေ့နေများ၊ အကျဉ်းထောင်ရှိ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှင့် တရားခံ အကျိုးဆောင် ရှေ့နေများထံ အကြောင်းကြားစာ ပေးပို့မည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာနိုင်ငံသား နှစ်ဦးမှု အမှုနှင့်ပတ်သက်၍ သေဒဏ်အမှုမှ လွဲ၍ လွှတ်မြောက်ခြင်း သို့မဟုတ် ပြစ်ဒဏ်လျော့ပါးခြင်း ဟူသော အပြောင်းအလဲဖြစ်နိုင်မည်ဟု မျော်လင့်ထားပြီး အမှုအမိန့်ချမည့် ရက်ကို စောင့်မျော်နေသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အန်ကယ်တို့ကတော့ အောက်ရုံးကတည်းကနေ တစိုက်မတ်မတ် ပြောလာတာပါ။ ကလေးတွေ မကျူးလွန်ဘူး။ ဒါ ကြောင့် အမှုနဲ့ ပတ်သက်လို့က အပြစ်ရှိတဲ့ ကလေးတွေ မဟုတ်ဘူးဆိုတာ တစိုက်မတ်မတ် ပြောလာခဲ့တာပါ။ ဒါကြောင့်မို့လည်း ဒါနဲ့ ပတ်သက်လို့ မူလအစကတည်းက အခြေအနေကောင်းတယ်လို့ ပြောပြီးသားပါ" ဟု ၎င်းက ဆိုသည်။

အမှုကို ယခုလကုန်ပိုင်း သို့မဟုတ် လာမည့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမိန့်ချမှတ်ဖွယ်ရှိသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ခန့်မှန်းထားသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှှစ်အရွယ် ဒေးဗစ်မေလာနှင့် အ သက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ချ်တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍   မြန်မာနိုင်ငံသား ကိုဝင်းဇော်နှင့် ကို ဇော်လင်းတို့ကို ဖမ်းဆီး၍ လူသတ်မှု အပါအဝင် အမှု ရ မှုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required