ရခိုင်ဒေသအတွက် နိုင်ငံတကာ အကူအညီများဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်းမရှိ ဟုု ဦးဇော်ဌေးပြော

ရခိုင်ဒေသအတွက် နိုင်ငံတကာ အကူအညီများဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်းမရှိ ဟုု ဦးဇော်ဌေးပြော

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။             ။ ကမ္ဘာ့နိုင်ငံ ၁၄ နိုင်ငံတို့မှ ယနေ့ထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်သို့ နိုင်ငံတကာမှအကူအညီများ ၀င်ရောက်ခွင့််နှင့်ပတ်သက်ပြီး ကြေညာချက်အပေါ် အစိုးရမှ ပိတ်ပင်ထားခြင်းမရှိဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မဇ္ဈိမသို့ ပြောသည်။

"စိုးရိမ်ပူပန်မှုတွေကို နားလည်တယ်။ အစိုးရအနေနဲ့ မူလကလည်း ပိတ်မထားဘူး၊ အခုလည်းခွင့်ပြုပေးနေတယ် ၊နောင်လည်း ပေးသွားမှာဖြစ်တယ်" ဟု ဦးဇော်ဌေးက ဆိုသည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ၀င်ရောက်နိုင်ရေးနှင့်စပ်လျဉ်းပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံက စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ယနေ့ (ဒီဇင်ဘာ ၉ ရက်နေ့) ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုလက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာတစ်ချို့ထံ ပေးပို့ထောက်ပံ့မှုများ စတင်ပေးနေမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုများ ပြန်လည်စတင်ခွင့်ပြုရန် မြန်မာအစိုးရ၏ သဘောတူညီပေးခဲ့သည့်အပေါ် မိမိတို့ဘက်မှ ကြိုဆိုအားပေးမိသော်လည်း နှောင့်နှေးကြန့်ကြာမှုများ ရှိနေသေးသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂရိ၊ အိုင်ယာလန်၊ နယ်သာလန်၊ ပိုလန်၊ စပိန်၊ ဆွီဒင်၊ တူရကီနှင့် အမေရိကန်နိုင်ငံတို့မှ သံတမန်အဖွဲ့များက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှောင့်နှေးကြန့်ကြာမှုများရှိနေသည်ဟု ဆိုခြင်းမှာ နယ်မြေလုံခြံုရေးအခြေအနေများကြောင့်သာဖြစ်ပြီး လူသားချင်းဆိုင်ရာထောက်ပံ့ ပေးနိုင်ဖို့ နို၀င်ဘာ ၄ ရက်နေ့ ကတည်းက ခွင့်ပြုပေးထားသည်ဟု ဦးဇော်ဌေးက တုန့်ပြန်ပြောဆိုသည်။

နိုင်ငံပေါင်း ၁၄ နိုင်ငံ၏ ကြေညာချက်ထဲတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသူ ပြည်သူထောင်ပေါင်းများစွာ ရှိနေသေးပြီး ၎င်းတို့သည် အကူအညီများ မရှိဘဲ နေထိုင်ခဲ့ရသည်မှာ   နှစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကာ ၎င်းတို့ထဲတွင်လည်း အာဟာရချို့တဲ့မှုနှင့်ရင်ဆိုင်နေရသည့် ကလေးငယ်များလည်း ပါ၀င်နေကြောင်း ပါရှိသည်။

နိုင်ငံပေါင်း ၁၄ နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ အခြေအနေကိစ္စရပ်များနှင့်ပတ်သက်ပြီး အစိုးရနှင့် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကာ ဆွေးနွေးမည့်ကိစ္စရပ်များတွင် ပဋိပက္ခဖြစ်စဉ်နောက်ဆက်တွဲ လုံခြံုရေးဆောင်ရွက်ချက်များတွင် ဖိနှိပ်မှုများ ရှိခဲ့သည်ဆိုသော စွဲချက်များ၊ ဆက်သွယ်မှုစနစ် တိုးမြှင့်ရရှိရန် အရေးကြီးမှု စသည့်ကိစ္စရပ်များ ပါ၀င်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required