အသားမာ အထားခံတဲ့ စျေးကွက်ဝင် စတော်ဘယ်ရီစိုက်ကြရအောင် အပိုင်း (၃)

09 December 2016
အသားမာ အထားခံတဲ့ စျေးကွက်ဝင် စတော်ဘယ်ရီစိုက်ကြရအောင် အပိုင်း (၃)

ပြီးခဲ့တဲ့အပတ်က ဒေသမျိုး စတော်ဘယ်ရီသီးတွေအကြောင်းကို ပြောပြပေးခဲ့ပါတယ်။ ဒေသမျိုးကတော့ အလုံးသေးပြီး အနံ့မွွှေးပါတယ်။ အရသာချိုချဉ်နဲ့ လေးလေးပင်ပင်လည်း ရှိပါတယ်။ အခွန်ပါးပြီး အသားလည်းပျော့ပါတယ်။ ဒါကြောင့် သယ်ယူပို့ဆောင်ဖို့ ခက်ခဲတဲ့အတွက် ထွက်ရှိရာဒေသကလွဲရင် အခြားစျေးကွက်တွေမှာ မတွေ့ရပါဘူး။ ဒေသတွင်းမှာရှိတဲ့ ယိုလုပ်ငန်းတွေ ဝိုင်လုပ်ငန်းတွေကတော့ ဒေသအသီးကို အဓိကထားပြီးတော့ အသုံးပြုကြပါတယ်။

မျိုးပင်အနေအထားအရ အကြမ်းခံတဲ့အပြင် ကရိကထလည်း နည်းတဲ့အတွက် ဒေသခံတောင်သူတွေ အားထားစိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ အသုံးပြုရမှုလည်း နည်းပါတယ်။ ဒါကြောင့် ဒေသမျိုးစတော်ဘယ်ရီက စိုက်မယ်ဆိုရင် စရိတ်သက်သာပါတယ်။ ဒါပေမယ့် စျေးကွက်အနေအထားကြောင့် စျေးရရှိမှုကတော့ နည်းပါတယ်။

အခုပြောပြမယ့် စတော်ဘယ်ရီသီး အလုံးကြီးတွေကိုတော့ အဆင့်မြင့်သီး ဒါမှမဟုတ် အကြွတ်သီးလို့ လူသိများကြပါတယ်။ အသားမာပြီးတော့ အထားခံတဲ့ အားသာချက်တွေနဲ့   စျေးကွက်တော်တော်များများကို ပိုင်ဆိုင်ထားပါတယ်။ စိုက်ပျိုးရာဒေသပါမကပါဘူး။ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာပါ တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ အကြွတ်သီး အဆင့်မြင့်သီးလို့ ခေါ်ကြတဲ့ စတော်ဘယ်ရီသီး စိုက်ပျိုးရေးအကြောင်းကို ပြောပြလိုပါတယ်။

စတော်ဘယ်ရီအကျွတ်သီးတွေကိုတော့ သကြားနဲ့တို့ပြီး အစိမ်းစားတာတွေရှိသလို ကိတ်မုန့်လုပ်တဲ့နေရာ ကျောက်ကျောလုပ်တဲ့နေရာတွေနဲ့ ဖျော်ရည်လုပ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ အကြွတ်သီးကို ဖျော်ရည်လုပ်ပြီးတော့ သောက်မယ်ဆိုရင် စက်ဖျော်ရည်က အဆင်ပြေဆုံးပါ။ စတော်ဘယ်ရီသီး အလုံးကြီးတွေက အရောင်အသွေး ပုံသဏ္ဍာန်နဲ့ စတဲ့ အရောင်အသွေး အားသာချက်တွေနဲ့ စားသုံးသူတွေကို စွဲဆောင်ထားပါတယ်။

စိုက်ပျိုးရေးမှာတော့ ဒေသအသီးတွေလို အကြမ်းမခံပါဘူး။ မျိုးယူစဉ်အခါတည်းက ဂရုတစိုက် ပြုစုရပါတယ်။ စိုက်နည်းအဆင့်ဆင့်ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ စတော်ဘယ်ရီအသီး စိုက်ပျိုးဖို့ ပြင်ဆင်မယ်ဆိုရင်တော့ အသီးရာသီကုန်တဲ့အချိန်ကနေ စပြီးပြောရမှာလည်း ဖြစ်ပါတယ်။

အသီးခူးတဲ့အချိန်ပြီးဆုံးတဲ့ ဧပြီလကုန် မေလလောက်ကနေစပြီးတော့ မျိုးထားဖို့အတွက် မျိုးပင်လို့ခေါ်တဲ့ အသားဓာတ်တွေကို အခင်းဟောင်းကနေ မျိုးယူရပါတယ်။ ဒီလိုနဲ့ တစ်လလောက် ပြုစုပြီးရင်တော့ ကျန်းမာသန်စွမ်းစွာ ထွက်လာတဲ့ အသားဓာတ်တွေကို ဖြတ်ယူပြီးတော့ ပျိုးခင်းကို ပို့ရမှာပါ။ ပျိုးခင်းကိုရောက်လာမယ့် စတော်ဘယ်ရီ မျိုးပင်တွေကိုတော့ ရောဂါကင်းစင်အောင်   ပြုလုပ်ရမယ့်အပိုင်းတွေကလည်း ရှိနေပါသေးတယ်။ ပျိုးအိတ်ထဲထည့်မယ့် မြေကိုတော့ တခြားမြေသြဇာတွေကို မသုံးပဲ မြေကြီးနဲ့ နွားချေးကိုသာ အသုံးပြုပါတယ်။ တခြားမြေသြဇာတွေထည့်ရင် ပျိုးပင်လေးတွေ ပုပ်တက်ပါတယ်။

အပင်ဟောင်းကနေထွက်လာတဲ့ အသားဓာတ်လေးတွေကို ဖြတ်ပြီးတော့ ပြန်ပျိုးရတာဖြစ်တဲ့အတွက် ရေပုံမှန်လောင်းပေးဖို့နဲ့ ပျိုးပင်တွေပေါ်မှာ နေရောင်ခြည် တိုက်ရိုက်မကျအောင် လုပ်ထားပေးဖို့ကလညး် အရေးကြီးပါတယ်။

စတော်ဘယ်ရီအကြွတ်သီး စိုက်ပျိုးရေးကိုတော့ ပြင်ဦးလွင် ပွဲကောက်ရွာမှာရှိနေတဲ့ ဦးတင်ထွန်းရဲ့ခြံမှာ လေ့လာခဲ့ပါတယ်။ ဒီခြံမှာတော့ စတော်ဘယ်ရီ အကြွတ်သိးတွေကို ၂ ဧကလောက် စိုက်ပျိုးထားပါတယ်။ စိုက်ဘောင်တွေကို ပလက်စတစ်နဲ့အုပ်ပြီတော့ စိုက်ပျိုးထားတာပါ။ ဒါ့အပြင် ရေအစက်ချစနစ်ကိုလည်း အသုံးပြုထားပါသေးတယ်။

ဒီ စိုက်ပျိုးစရိတ်များကတော့ ကနဦးစိုက်စရိတ် များပေမယ့် အားသာချက်တွေကလည်း ရှိနေတဲ့အတွက် စိုက်ပျိုးသင့်တဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံတောင်သူတွေ အတွက်ကတော့ ငွေကြေးကုန်ကျမှုက အခက်အခဲတစ်ခုလို ဖြစ်နေပါတယ်။ စိုက်ပျိုးစဉ်မှာ ပလက်စတစ်မသုံးတဲ့ တောင်သူတွေအတွက်ကတော့ အသီးစပြီးတော့ သီးတဲ့အချိန်မှာ ကောက်ရိုး မြက်ခြောက် စတာတွေကို အောက်မှာခံပေးလို့လည်း ရပါတယ်။ ဒါမှ မြေကြီးနဲ့ထိတွေ့မှု နည်းပြီးတော့ အသီးပုပ်တာကို ကာကွယ်နိုင်မှာပါ။ ဒါပေမယ့်လည်း လုပ်သားအင်အား လိုအပ်ချက်က တောင်သူတွေအတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်လည်း ဖြစ်နေပါတယ်။

နှစ်တစ်နှစ်ရဲ့ စတော်ဘယ်ရီ ရာသီကုန်ဖြစ်တဲ့ ဧပြီလနဲ့ မေလဆန်းလောက်မှာ အသားဓာတ်တွေကို မွေးမြူရပါတယ်။ ဇွန်လဆန်းလောက်မှာတော့ မွေးထားတဲ့ အသားဓာတ်တွေဟာ ပျိုးပန်းတွေဆီကို ရောက်ပါတယ်။ ပျိုးပန်းကမှ တစ်လခွဲ နှစ်လလောက် ပြုစုထားတဲ့ ပျိုးပင်တွေကို ဇူလိုင်လလယ်နဲ့ သြဂုတ်လလောက်မှာ စပြီးတော့ စိုက်ပျိုးပါတော့တယ်။   နိုဝင်ဘာလလယ်ကို ရောက်လာပြီဆိုရင်တော့ စိုက်ထားတဲ့ စတော်ဘယ်ရီအပင်တွေဟာ ပန်းစပွင့်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလောက်ကနေ အသီးစပြီးတော့ ခူးလိုက်တာဟာ နှစ်စဉ် ဧပြီလလောက်မှာ အသီးခူးချိန် ကုန်ပါတယ်။

 အုံ့မှိုင်းမှိုင်းမနက်ခင်းမှာတော့ စတော်ဘယ်ရီသီးတွေခူးဖို့ ပြင်ဆင်နေပါပြီ။ စတော်ဘယ်ရီ အကြွတ်သီးကတော့ ဒေသစတော်ဘယ်ရီမျိုးထက် ပိုး အရမ်းကြိုက်တဲ့ အပင်လည်းဖြစ်ပါတယ်။   မြေသြဇာတွေကျွေးပြီးတော့ ဂရုတစိုက် စောင့်ရှောက်ပေးဖို့လည်း လိုပါတယ်။ ဒါတင်မကပါဘူး ကျန်းမာရေးအထောက်အကူပြု စိမ်းစားသီးဖြစ်လို့လည်း အသိးသီးချိန်မှာ ပိုးသတ်ဆေးဖြန်းတာကလည်း အလေးထားရမယ့်အချက် ဖြစ်နေပါတယ်။

 စတော်ဘယ်ရီသီးတွေကိုတော့ ရာသီဥတု သင့်တော်နေတဲ့ ပြင်ဦးလွင်နဲ့ တောင်ကြီးနယ်တစ်ဝိုက်မှာပဲ စိုက်ပျိုးလို့ရနိုင်ပါတယ်။ ဒါက ဒေသခံ ခြံစိုက်ပျိုးသူတွေအတွက် အားသာချက်လို့   ပြောလို့ရပေမယ့် စျေးကွက်အပေါ်မှာတော့ အကျိုးခံစားခွင့်ကတော့ နည်းပါးပါတယ်။ အဓိက တင်ပို့ရောင်းချနေရတဲ့ လက်ကားစျေးကွက်ကတော့ ရန်ကုန် သီရိမင်္ဂလာစျေးကွက်ပဲ ဖြစ်ပါတယ်။ ဒီ လက်ကားစျေးကွက်ကနေပြီးတော့ တစ်နိုင်ငံလုံးကို ပြန်လည်ရောင်းချနေတာပဲ ဖြစ်ပါတယ်။

ဒေသစိုက်ပျိုးသူတွေကို စျေးကွက် စိန်ခေါ်မှုတစ်ချို့ကလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့ စျေးကွက်တော်တော်များများကို တိုက်ရိုက် တင်ပို့ရောင်းချနိုင်ခြင်းမရှိတာ၊ စျေးကွက်ဝယ်လက် ချိတ်ဆက်မှု အားနည်းတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရဲ့ရလဒ်အနေနဲ့ စိုက်ပျိုးသူတွေနဲ့ စားသုံးသူတွေကြားမှာ စျေးနှုန်းကွာဟမှုကို ဖြစ်စေပါတယ်။ စတော်ဘယ်ရီအကြွတ်သီးတွေဟာ ဒီဇင်ဘာလလောက်မှ စပြီးတော့ ပေါ်တဲ့အတွက် စျေးကောင်းရနိုင်ပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လလောက်မှာတော့ အားလုံး အသီးလှိုင်လှိုင်ထွက်လို့ စျေးလည်းကျပါတယ်။ ဒါ့အပြင် ဒေသမျိုး အလုံးသေးတွေအတွက်လည်း   စျေးကွက် ဖြန့်လို့ဝေပေးရတဲ့ ကာလ ဖြစ်လို့နေပါတယ်။ ဒါကြောင့် ဒေသခံ စတော်ဘယ်ရီစိုက် တောင်သူတွေမှာ ရေခံမြေခံ အားသာချက်တွေ ရှိနေပေမယ့်လည်း နည်းပညာလိုအပ်မှုတွေ စျေးကွက်စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာက အလှမ်းဝေးနေဆဲလို့ တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required