ကျေးရွာအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်မှုအား ရွာသားများ ကန့်ကွက်

ကျေးရွာအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်မှုအား ရွာသားများ ကန့်ကွက်

စစ်တွေ၊ ဒီဇင်ဘာ ၉ ။               ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ဧရိယာအတွင်းရှိ ဂျီဖြူတောင်၊ အမှတ် (၅) ရပ်ကွက်တွင် လူနေခြံဝင်းအတွင်း ဆောက်လုပ်လျှက်ရှိနေသည့် တယ်လီနော ဆက်သွယ်ရေး တာဝါတိုင်အား ပတ်ဝန်းကျင်နှင့် နီးကပ်လွန်းသည့်အတွက် ရပ်ကွက်မှ ကန့်ကွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ တာဝါတိုင်အား ကုမ္ပဏီနှင့် ခြံပိုင်ရှင် ဦးတင်ရွှေမောင်တို့ သဘောတူညီချက်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်သော်လည်း ရပ်ကွက်အတွင်း နေထိုင်သူများက ယင်းတာဝါတိုင်မှ   ရေဒီယိုသတ္တု ကြွရောင်ခြည်များ အချိန်ပြည့်ထုတ်လွှတ် နေခြင်း၊ မီးစက်ကြောင့် မြေလွွှာ တုန်ခါမှုများကြောင့် ပတ်ဝန်းကျင် ဆူညံမှုဖြစ်ပွားခြင်း၊ ကလေးသူငယ်များ စာဖတ်၊ စာကျက်ခြင်းများကိုလည်း အနှောင့်အယှက်ဖြစ်စေသည့်အတွက် နေရာရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

တောင်းဆိုမှုများကြားမှ ညှိနှိုင်းမှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ ဆက်လက် ဆောက်လုပ်နေသည့်အတွက် ဒေသခံ ဒေါ်ဝင်းဝင်းရွှေက အဆိုပါ တာဝါတိုင်ဆောက်လုပ်မှုအား ကန့်ကွက်သည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခု ကို ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည်။

“ ကျွန်မတို့ ရွာသားတွေဘက်က ဒီနေရာမှာ မဆောက်ဘဲ လူတွေနဲ့ နည်းနည်းဝေးတဲ့ အခြားမှာ ရွှေ့ပြောင်းပေးဖို့ အ တွက် တောင်းဆိုတာပါ။ လုံးဝမဆောက်ရဆိုပြီး ကန့်ကွက်တာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာဆိုတော့ အဲဒီတိုင်ကြောင့် လူတွေကို အခက်အခဲတွေ၊ ပြဿနာတွေဖြစ်စေတဲ့ အရာတွေကြံုရမှာမို့ ရွှေ့ခိုင်းတာပါ။ ဒါကို သူတို့က ဝန်ကြီးဆောက် ခိုင်းတယ်ဆိုပြီးတော့ ဆက်ဆောက်နေပါတယ် ” ဟု သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူ ဒေါ်ဝင်းဝင်းရွှေက ပြောသည်။

ယင်းတာဝါတိုင်အား အောင်မြင့်ကြိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်ပြီး၊ မအီမြို့အတွင်း ဆောက်လုပ်ထားသည့် တာဝါတိုင်ကြောင့် မြို့ခံများ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့်အတွက် ကြိုတင်တားမြစ်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်လျှက်ရှိသည့် တယ်လီနော တာဝါတိုင်အများစုမှာ လူနေရပ်ကွက်များ၊ ကျေးရွာများအတွင်း အဓိကထားဆောက်လုပ် နေခြင်းဖြစ်ရာ ယခုကဲ့သို့ အငြင်းပွားမှုများမှာလည်း မြို့နယ်တိုင်းတွင် ဖြစ်ပွားလျှက် ရှိနေသည်။

“ အခုဆောက်နေတဲ့နေရာက လူတွေနဲ့ ဝေးတဲ့နေရာကို ရွှေ့ပြီးဆောက်ဖို့အတွက် အခုမှ တောင်းဆိုတာ မဟုတ်ဘူး။ စပြီး မဆောက်ခင်ကတည်းကနေ ပြောခဲ့ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးက တစ်ဆင့် အကူအညီတောင်းခဲ့တာပါ။ ထွေ/ အုပ်ကလည်း စစ်ဆေးမှုတွေပြုလုပ်ပြီးတော့ ခေတ္တရပ်နားထားဖို့ ရွာသားတွေနဲ့ ပြေလည်အောင်လုပ်ဖို့ အတွက်ကို ဇွန် လ ၁၆ ရက်နေ့ကနေ စာထုတ် တားမြစ်ခဲ့ပါတယ်။ ညှိနှိုင်းခြင်းမရှိဘူး။ အခုပြီးခါနီးနေပါပြီ။ သည်းမခံနိုင်တဲ့ တစ်နေ့တော့ ဆိုးဆိုးဝါးဝါးကို ဖြစ်လာနိုင်စရာတွေရှိနေပါတယ် ” ဟု ဒေါ်ဝင်းဝင်းရွှေက သတင်းစာရှင်းလင်းပွဲတွင် ဆက်လက် ပြောကြားခဲ့သည်။

သြဂုတ်လ ၂၆ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်အား လိပ်မူပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တာဝါတိုင် ဆောက်လုပ်မှုနှင့် ပါတသက်၍ စာပို့ တိုင်ကြားထားပြီးဖြစ်သော်လည်း အကျိုးအကြောင်း ထူးခြားမှု မရှိသည့်အတွက် ဒေသခံများမှာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အစိုးရအဖွဲ့အား တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် ဆောင်ရွက်လျှက် ရှိနေကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required