ရှီကျင့်ဖျင်၏ မိတ်ဆွေဟောင်းကို တရုတ်သံအမတ်ကြီးအဖြစ် ထရမ့်က ရွေးချယ်ခန့်အပ်

ရှီကျင့်ဖျင်၏ မိတ်ဆွေဟောင်းကို တရုတ်သံအမတ်ကြီးအဖြစ် ထရမ့်က ရွေးချယ်ခန့်အပ်

နယူးယောက်၊ ဒီဇင်ဘာ ၈ ။          ။ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ၏ မိတ်ဆွေဟောင်းဖြစ်သူ အိုင်အိုဝါပြည်နယ်အုပ်ချုပ်ရေးမှူး တယ်ရီဘရန့်စတက်ဒ်အား တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ရွေးချယ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။

ဒီဇင်ဘာ ၆ ရက်နေ့က နယူးယောက်ရှိ ထရမ့်တာဝါသို့ ဘရန့်စတက်ဒ် ရောက်ရှိကာ ဒေါ်နယ်ထရမ့်နှင့် ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖျင် တရုတ်ခေါင်းဆောင် မဖြစ်မီ အိုင်အိုဝါသို့ ရောက်လာစဉ်အချိန်က ၎င်းက ရှီကျင့်ဖျင်အား ရေရှည်မိတ်ဆွေတစ်ဦးအဖြစ် ခေါ်ဝေါ်ခဲ့သည်။

ယခု တရုတ်သံအမတ်ကြီးအဖြစ် ရွေးချယ်သည့် သတင်းကို ဘလွန်းဘတ်ချ်က ပထမဆုံးသတင်းတင်ခဲ့ခြင်းဖြစ်ကာ အတည်ပြုခန့်အပ်ရန်အတွက် ဆီးနိတ် အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။

အဆိုပါ ထရမ့်၏ ရွေးချယ်မှုကို တရုတ်က ကြိုဆိုပြီး ဘရန့်စတက်ဒ်အား မိတ်ဆွေဟောင်းတစ်ဦးအဖြစ် တုံ့ပြန်ခဲ့သည်။

“တရုတ်-အမေရိကန် ဆက်ဆံရေး ရှေ့ဆက်တိုးတက်မှုအတွက် အထင်ကရ အခန်းကဏ္ဍက ပါဝင်မယ့် သူ့ကို ကျွန်တော်တို့ ကြိုဆိုပါတယ်။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုကန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required