ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လာမယ့်နှစ်လျာထားဘတ်ဂျက်သည် ပြည်သူကို ဗဟိုမပြုကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လာမယ့်နှစ်လျာထားဘတ်ဂျက်သည် ပြည်သူကို ဗဟိုမပြုကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ။             ။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ လျာထားဘတ်ဂျက်တင်သွင်းပြီးနောက်  ပြည်သူကို ဗဟိုပြုရေးဆွဲထားသည့် ဘတ်ဂျက်မဟုတ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ယနေ့လွှတ်တော်ပြီးဆုံးချိန်တွင် ဝေဖန်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့က လာမည့်နှစ်အတွက် လျာထားဘတ်ဂျတ်ကို တိုင်းဒေသကြီးအစိုးရက တင်သွင်းခဲ့ကာ လွှတ်တော်၌ ဆွေးနွေးရမည့်နေ့ကို ဒီဇင်ဘာ ၈ ရက်နေ့အဖြစ်သတ်မှတ်ခဲ့ခြင်းကြောင့် တောင်းဆိုထားသည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ငွေကျပ် ၄၂၂ ဘီလျံကို  နှစ်ရက်အတွင်း သေသေချာချာစီစစ်ရန် အချိန်ကာလ နည်းပါးမှုရှိသဖြင့် အခက်အခဲဖြစ်သည်ဟု ကျောက်တံတားမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

"အားလုံးပါ၀င်ရေးဆွဲတဲ့ ဘတ်ဂျက်ကို ဖော်ဆောင်ရမယ့် ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်သူအားလုံး မပါ၀င်နိုင်ရင်တောင် ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေရဲ့အသံကတော့ မဖြစ်မနေပါ၀င်ဖို့လိုအပ်ပါတယ်" ဟု ဒေါ်ကြည်ပြာက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သုံးစွဲရန် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ ကျပ် ၄၂၂ ဘီလျံ သုံးစွဲရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းဒေသကြီးအစိုးရကိုယ်စား ဒီဇင်ဘာ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယခုတင်သွင်းသည့် ဘတ်ဂျက်သည် ပြင်ဆင်စရာများရှိပြီး ပြည်သူဗဟိုပြုသည့်အစိုးရ၏ မူဝါဒကို ထင်ဟပ်ခြင်းမရှိဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဝေဖန်ခဲ့သည်။
"ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲဝင်လာတယ်။ အစိုးရရဲ့အဓိကမူဝါဒက ပြည်သူဗဟိုပြုတဲ့စနစ်ကို သွားတယ်။ အဲ့တော့ ရေးဆွဲတဲ့အခါမှာ ပြည်သူကို ဗဟိုပြုဖို့နေနေသာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတောင် မှေးမှိန်တယ်ဆိုတဲ့အနေအထားတွေ ဖြစ်တယ်ဆိုတော့ ဒီဲဘတ်ဂျက်ဟာ လက်ရှိအစိုးရသစ်ရဲ့ မူဝါဒကို မထင်ဟပ်ဘူးလို့ သုံးသပ်တယ်" ဟု ၄င်းက ဝေဖန်လိုက်သည်။

တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ(၈၄) တွင် ပြည်သူက ရွေးချယ်ပေးသော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအားရွေးချယ်ပေးသောမဲဆန္ဒနယ်ကို ကိုယ်စားပြုသည့်အလျောက် သက်ဆိုင်ရာမဲဆန္ဒနယ်၌ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း ၊ အုပ်ချုပ်ရေး လူမှုစီးပွားရေးကဏ္ဍများတွင်စပ်လျဉ်း၍ ပြည်သူများ၏ သဘောထား ဆန္ဒဖော်ဆောင်ရာတွင်လည်းကောင်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များကဖြစ်စေ အလေးထား တိုင်ပင်ရမည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းကလည်း ယင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ(၈၄) အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် အခြေခံအဆောက်အဦများ ကောင်းမွန်မှုရရှိနိုင်ရန် စီမံကိန်းများရေးဆွဲသည့်အခါ သက်ဆိုင်ရာဌာနများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြဖို့ လွှတ်တော်အပြီးတွင် သတိပေးပြောဆိုသည်။

ယခုတင်သွင်းသည့် လျာထားဘတ်ဂျက်ကို ဆွေးနွေးရန် ပေးထားသည့်အချိန်ကာလ နည်းပါးခြင်းကို ၀န်ခံကြောင်း၊ ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များ၏ တင်ပြချက်ကို ထည့်သွင်းစဉ်းစားကာ အတည်မပြုခင် ပြန်လည်ပြင်ဆင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်၌ ကတိပေးပြောဆိုခဲ့ပြီး ကျပ် ၄၂၂ ဘီလျံ သုံးစွဲရန် လျာထားကာ ဘတ်ဂျတ်လိုငွေ ၁၂၁ ဘီလျံ ကို ကောက်ခံရရှိသည့် အခွန်ငွေများမှ ဖြည့်တင်းသွားမည်ဟု ပြောသည်။

၂၀၁၇-၁၈ ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေ လျာထားငွေစာရင်းကို ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့ကာ လျာထားဘတ်ဂျက်၌ လိုအပ်သည့်ထက် ပိုမိုတောင်းခံမှုများရှိနေကြောင်း ၊ မသုံးစွဲသင့်သည့် နေရာများတွင် သုံးစွဲမှုများရှိနေကြောင်း အကြံပေးပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required