မလေးရှားဝန်ကြီးချုပ်၏ ဘင်္ဂါလီအရေးပြောဆိုမှု ကြ့ံခိုင်ရေးပါတီ ရှုတ်ချ

မလေးရှားဝန်ကြီးချုပ်၏ ဘင်္ဂါလီအရေးပြောဆိုမှု ကြ့ံခိုင်ရေးပါတီ ရှုတ်ချ
(ဓာတ်ပုံ- အီးပီအေ)
 

နေပြည်တော်(ဒီဇင်ဘာ ၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရခိုင်ပြည်နယ််၊ မောင်တောဒေသရှိ ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ပြောဆိုချက်များနှင့် အသုံးအနှုန်းများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကြေငြာချက်ထုတ်လိုက်သည်။

ဒီဇင်ဘာ ၈ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ထားသော USDP ၏ ကြေငြာချက်တွင် “မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ(၄)ရက်နေ့ လူထုဆန္ဒပြပွဲတွင် စွပ်စွဲပြောကြားခဲ့သည့် အသုံးအနှုန်းများနှင့် ပြောဆိုချက်များသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးဂုဏ်သိက္ခာထိခိုက်စေပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်သည့်အတွက် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်” ဟု ဖော်ပြထားသည်။

ဒီဇင်ဘာ ၄ရက်က ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာ(ဘင်္ဂါလီ)များအပေါ် “လူမျိုးသုဉ်းသတ်ဖြတ်မှု” ၊ “လူမျိုးစုသုတ်သင်ရှင်းလင်းမှု” ဟူ၍ စသဖြင့် သုံးနှုန်းခဲ့သည်။

ထိုအသုံးအနှုန်းဖြင့် စွပ်စွဲပြောဆိုချက်များသည် “ပြည်တွင်း၊ ပြည်ပတွင် ဘာသာရေးကို အခြေခံသည့် ပဋိပက္ခများ ပေါ်ပေါက်စေရန်  လှုံ့ဆော်ရာလည်း ရောက်ပါသည်” ဟု USDP၏ ကြေငြာချက်တွင် ပါရှိသည်။

မလေးရှားဝန်ကြီးချုပ်၏ စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်ပြီး မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံအမတ်ကြီးကို ဒီဇင်ဘာ(၆)ရက်က ခေါ်ယူအသိပေးထားပြီးလည်း ဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ရခိုင်ဒေသအရေးကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် အမျိုးသားအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံ၌ လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဆိုသော ပြောဆိုမှုများအား လက်လွတ်စပယ် မသုံးနှုန်းသင့်ဟု မစ္စတာကိုဖီအာနန်က ရန်ကုန်မြို့တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဒီဇင်ဘာလ(၆)ရက်က ပြောဆိုသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required