ငွေသိန်းပေါင်းသောင်းချီ လိမ်လည်ခဲ့တဲ့ အဆိုတော် ကဗျာဘွဲ့မှူးအမှု CID ကိုင်တွယ်မည်

ငွေသိန်းပေါင်းသောင်းချီ လိမ်လည်ခဲ့တဲ့ အဆိုတော် ကဗျာဘွဲ့မှူးအမှု CID ကိုင်တွယ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။                   ။ ငွေသိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ယူသွားပြီး တိမ်းရှောင်နေတဲ့ အဆိုတော် ကဗျာဘွဲ့မှူးအား အနုပညာရှင်များက တရားစွဲဆိုထားတဲ့ အမှုကို တစ်နှစ်အကြာမှာတော့ CID(မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးထောက်လှမ်းရေးအဖွဲ့) မှ ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကတည်းက သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေမှာ အမှုဖွင့်ထားခဲ့ကြပေမယ့် ထူးခြားမှုမရှိဘဲ အခုလို CID က ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်တဲ့အပေါ် ယုံကြည်စွာစောင့်ကြည့်သွားမှာ   ဖြစ်တယ်လို့ အနုပညာရှင်တွေကဆိုပါတယ်။

ငွေကျပ် သိန်းပေါင်း တစ်ထောင်ကျော် အလိမ်ခံရသူ အဆိုတော် မေခလာက “ ဖြစ်ဖြစ်ချင်းတုန်း ကတော့ ချစ်ငယ်တို့ ကိုယ့်မြို့နယ်က သက်ဆိုင်ရာ စခန်းတွေမှာ အမှုဖွင့်ထားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်ရယ်လို့ ချစ်ငယ်တို့ မမေးသလို သူတို့ဘက်ကလည်း ဘာမှ မသိရပါဘူး။ တစ်နှစ်လောက် အကြာမှာ ဒီအမှုကို အထက်ကပဲ သိသွားသလား မပြောတက်ပေမယ့် CID လက်ထဲရောက်သွားပြီလို့ သိရပါတယ်” လို့ ပြောပါတယ်။

မျက်နှာစုံညီ ပြေပြေလည်ဖြေရှင်းမယ်ဆိုရင် အကျယ်တဝင့် ဖြစ်လာမှာ မဟုတ်ဘဲ ပြီးသွားမှာ ဖြစ်ပေမယ့် လက်ရှိ CID ကိုင်တွယ်ဖြေရှင်းချက်များအပေါ်မှာ အများကြီး မျှော်လင့်ထားကြောင်းနဲ့ အမှန်တရား ပေါ်ပေါက်လိုကြောင်း ငွေကြေး လိမ်လည်ခံရသူတစ်ဦး ဖြစ်တဲ့ အဆိုတော် ဘိုဖြူက ပြောပါတယ်။

“ကျွန်တော်တို့ ဒီလိုတွေ ဖြစ်သွားပြီးတဲ့ နောက်မှာ ကျွန်တော်တို့ကို တစ်ဦးချင်းတောင်းပန်မယ်။ ပြေလည်အောင် ဖြေ ရှင်းမယ်ဆိုရင် အခုလို ဖြစ်လာစရာ မရှိပါဘူး။ ဒါပေမယ့် သူတို့ဘက်က ဘာမှ မလုပ်တဲ့အတွက် ကျွန်တော်တို့ ဘက် ကလည်း အခုလို ပြန်တု့ံပြန်လိုက်ရတာပါ။ အချိန်တော်တော် အကြာမှာ CID က ကိုင်မယ်ဆိုတော့ အမှန်တရား ပေါ် ပေါက်မယ်လို့လည်း ယုံကြည်ပါတယ်။ အမှန်တရားပေါ်ပေါက် လာဖို့အတွက်လည်း ဆုတောင်းပါတယ်” လို့ ပြောပါ တယ်။

လုပ်ငန်းရင်းနှီးမြှပ်နှံမှုအတွက်လို့ပြောပြီး ငွေကြေးတောင်းခံခဲ့တဲ့ အဆိုတော် ကဗျာဘွဲ့မှူးကို ယုံကြည်တဲ့ စိတ်တစ်ခု တည်းနဲ့ ငွေကြေးအများအပြားထည့်ဝင်ခဲ့တာဖြစ်ပြီး ငွေချေးခြင်းမျိုး၊ အတိုးယူခြင်းမျိုးတွေ လုံးဝ မဟုတ်ကြောင်း ကို လည်း ထပ်မံ ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးလခန့်က ပြည်တွင်းမှုခင်းဂျာနယ်တစ်စောင်ရဲ့ အလိမ်ခံရတဲ့ငွေကြေးများ အနုပညာရှင်များဘက်က ပြန်ရ သွားတယ်ဆိုတဲ့ အကြောင်းအရာပါ ဖော်ပြချက်မှာလည်း မှားယွင်းနေကြောင်းနဲ့ လိမ်လည်သူမှာလည်း လက်ရှိအချိန် အထိ အဆက်အသွယ်မရရှိသေးကြောင်း သိရပါတယ်။

အဆိုပါ ငွေကြေးပြသနာကို သတင်းမီဒီယာများအကြား ရှင်းလင်းပြောကြားသည်မှာ ဒုတိယ အကြိမ်ဖြစ်ပြီး ယခုရှင်း လင်းသည့် မီဒီယာတွေ့ဆုံပွဲကိုတော့ ဂီတအစည်းအရုံး(ဗဟို)မှာ ဒီဇင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required