MLM လုပ်ငန်းများကို အစိုးရ စိစစ်နေ၊ ဥပဒေချိုးဖောက်ပါက အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြော

MLM လုပ်ငန်းများကို အစိုးရ စိစစ်နေ၊ ဥပဒေချိုးဖောက်ပါက အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြော

နေပြည်တော်(ဒီဇင်ဘာ ၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ Multi-Level Marketing(MLM)ဟုခေါ်သော ဆင့်ပွားကွန်ယက်ချိတ် ဈေးရောင်းလုပ်ငန်းစနစ်ဖြင့် တင်သွင်းရောင်းချလျက်ရှိသော ကုန်ပစ္စည်းများကို စိစစ်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့် ချိုးဖောက်မှုများရှိပါက အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်သည်။

“MLM စနစ်ဖြင့် ဆောင်ရွက်နေမှုများအပေါ် ယခင်က အရေးပေါ်စီမံအက်ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သည့်အပြင် ယခုအချိန်တွင်လည်း ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိပါကြောင်း၊ MLM စနစ်နဲ့ စပ်လျဉ်းပြီး ဥပဒေပြဌာန်းထားခြင်း မရှိသေးသော်လည်း စုံစမ်းပေါ်ပေါက်ခြင်း၊ တိုင်းကြားမှုများရှိခြင်း ဖြစ်ပေါ်လာပါက စိစစ်ပေါ်ပေါက်ချက်ပေါ် မူတည်၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် စသည့် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်” ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

လှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ကျော်ဦးက Multi-Level Marketing(MLM)(ဆင့်ပွားကွန်ယက်ချိတ် ဈေးရောင်းလုပ်ငန်း)ကို တားမြစ်ကန့်သတ် ပိတ်ပင် အရေးယူဆောင်ရွက်ရန် ရှိ၊ မရှိ ဒီဇင်ဘာ ၈ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုအပေါ် ပြည်ထဲရေးဒုဝန်ကြီးက ပြည်ထဲရေးဒုဝန်ကြီးက လာရောက်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် MLM စနစ်ဖြင့် လေသန့်ဆေးနှင့် ဖြည့်စွက်အစားအစာတို့ကို ဖြန့်ဖြူးရောင်းချခဲ့သော ပြည်တွင်းကုမ္ပဏီ(၂)ခုနှင့် ပြည်ပကုမ္ပဏီ(၁)ခုတို့အား အရေးပေါ်စီမံမှုအက်ဥပဒေဖြင့် ၂၀၀၉ခုနှစ်နှင့် ၂၀၁၁ခုနှစ်တို့တွင် အရေးယူခဲ့ပြီး တရားခံများကို ထောင်ဒဏ်ချမှတ်အပြစ်ပေးခဲ့သလို ယင်းကုမ္ပဏီ(၃)ခုကိုလည်း အမည်ပျက်(Black List)စာရင်းရေးသွင်းခြင်းနှင့် ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည်ဟု ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ပြောသည်။

သို့ရာတွင် MLM စနစ်ဖြင့် လက်ရှိဆောင်ရွက်နေသော ကုမ္ပဏီများ ဥပဒေချိုးဖောက်မှုရှိ၊ မရှိကိုမူ ဗိုလ်ချုပ်အောင်စိုးက တိတိကျကျ ပြောဆိုသွားခြင်း မရှိပေ။

“MLM လုပ်ငန်းများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်များအရ လည်းကောင်း၊ တိုင်ကြားချက်များအရလည်းကောင်း စိစစ်တွေ့ရှိရပါက ဥပဒေချိုးဖောက်မှုများနဲ့ပတ်သက်ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄အရ ကုန်စည်တစ်မျိုးမျိုး၊ တိရစ္ဆာန်တစ်မျိုးမျိုး၊ ဝန်ဆောင်မှုတစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းကမ်း၊ သတ်မှတ်ချက်များ ထုတ်ပြန်အရေးယူနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဗိုလ်ချုပ် အောင်စိုးက ဆိုသည်။

ထို့ပြင် MLM စနစ်ဖြင့် တင်သွင်းရောင်းချလျက်ရှိသည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်များ၏ အရေးအသွေးပြည့်မီရေး၊ အာနိသင်စစ်မှန်ကောင်းမွန်ရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အလေးထားစိစစ်သွားမည်ဖြစ်ပြီး တရားမဝင်တင်သွင်းမှုများကို စိစစ်တွေ့ရှိရပါကလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

MLM စနစ် အသုံးပြုရောင်းချမှုနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများဖြစ်သော မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် MLM စနစ်ကို ဥပဒေနှင့်အညီ ထိန်းချုပ်၊ ကန့်သတ်၊ တားမြစ်လျက်ရှိသလို အမေရိကန်နိုင်ငံတွင်လည်း MLM စနစ်ဖြင့် ရောင်းချခြင်းများကို စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ထိန်းကျောင်းဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင်လည်း အထက်ဖော်ပြပါနိုင်ငံများကဲ့သို့ပင် MLM လုပ်ငန်းများကို အထူးကြပ်မတ်သည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများချမှတ်ရန် အစီအစဉ်ရှိ၊ မရှိ လှိုင်မြို့နယ်အမတ် ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်တွင် ထပ်ဆင့်မေးခွန်းထုတ်ခဲ့သေးသည်။

ထိုမေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက “MLM လုပ်ငန်းနဲ့ပတ်သက်တဲ့ စာရင်းဇယား အသေးစိတ်အချက်အလက်တွေကိုလည်း စိစစ်ကောက်ယူလျက် ရှိပါတယ်။ လက်ရှိအခြေအနေအထိ ရရှိတဲ့ ကုမ္ပဏီများနဲ့ပတ်သက်လို့လည်း ပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေအရ စိစစ်တဲ့နေရာမှာ ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုသာ မကဘဲနဲ့ တင်ပြခဲ့တဲ့ FDA စစ်ဆေးမှုဆိုင်ရာပုဒ်မ၊ ပို့ကုန်တင်သွင်းမှုပုဒ်မ၊ အခွန်ပုဒ်မ စတဲ့ အချက်တွေနဲ့အညီ တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

MLM စနစ်သည် သာမန်စီးပွားရေးလုပ်ငန်းကဲ့သို့ အရောင်းကိုယ်စားလှယ်တစ်ဦး၏ ထုတ်ကုန်ကို စားသုံးသူလယ်ဝယ် ရောင်းချခြင်းအားဖြင့် ဝင်ငွေရရှိခြင်းမျိုး မဟုတ်ဘဲ မိမိကဲ့သို့ ရောင်းချသူများကို မိမိလက်အောက်မှာ ရောင်းချချင်လာအောင် စည်းရုံးခြင်း ဖြစ်ကြောင်း၊ အဆင့်ဆင့် ရောင်းချသည့်အတွက် ပြင်ပပေါက်ဈေးထက် အဆမတန် များပြားကြောင်း ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်တွင် ပြောသည်။

“MLM စနစ်ဟာ ရှင်းရှင်းလေးပါ။ တစ်ဆယ်တန်ပစ္စည်းကို တစ်ရာနဲ့ ရောင်းပြီးတော့ ငါးဆယ်ကို အမြတ်ယူပြီး လေးဆယ်ကို အဖွဲ့ဝင်တွေကို ခွဲပေးတဲ့နည်းပါ။ Bouns ရအောင် အမှတ်တွေခွဲပေးထားပြီးတော့ မဝယ်ဝယ်အောင် မက်လုံးပေးပြီးတော့ လိမ်လည်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်း၏ မေးခွန်းနှင့်ပတ်သက်ပြီး ဒုဝန်ကြီး၏ ဖြေကြားချက်အပေါ်ကိုလည်း ဦးအောင်ကျော်ကျော်ဦးက “ဒုဝန်ကြီးကတော့ ယေဘုယျသဘော ပြောသွားတာပေါ့။ MLM နဲ့ပတ်သက်ပြီး ဥပဒေတစ်ရပ်ရှိလာတဲ့အထိ ကြိုးပမ်းသွားပါမယ်” ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly