ထိုင်းနဲ့ပွဲမှာ ရတဲ့ အခွင့်အရေးအတိုင်း အကောင်းဆုံးကြိုးစားသွားမယ်လို့ မြန်မာနည်းပြချုပ် ပြော

ထိုင်းနဲ့ပွဲမှာ ရတဲ့ အခွင့်အရေးအတိုင်း အကောင်းဆုံးကြိုးစားသွားမယ်လို့ မြန်မာနည်းပြချုပ် ပြော
(ဓာတ်ပုံ - MFF)

လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းမှာ ထိုင်းလက်ရွေးစင်အသင်းနဲ့ကစားမယ့် ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ရတဲ့ အခွင့်အရေးအတိုင်း အကောင်းဆုံးကြိုးစားသွားမှာဖြစ်သလို မြန်မာပရိသတ်တွေ လက်ခံနိုင်လောက်တဲ့ ခြေစွမ်းမျိုးဖြစ်အောင် ဦးစားပေး ပြင်ဆင်ထားတယ်လို့ မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ရ ရက်နေ့ မွန်းလွဲ (၂းဝဝ)နာရီက ဘန်ကောက်ရှိ Emerald Bangkok Hotel ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြချုပ် ဂတ်ဆီဇီက အခုလိုပြောကြားခဲ့တာဖြစ်ပြီး အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ ထိုင်းနည်းပြ ကိုင်တီဆက်လည်း တက်ရောက်ဖြေကြားခဲ့ပါတယ်။

"ဇစ်ကို (ကိုင်တီဆက်)ကို ဂုဏ်ပြုပါတယ်။ ထိုင်းအသင်းက လက်ရှိအချိန်မှာ ဗိုလ်လုပွဲကို ၅၀ ရာခိုင်နှုန်း ရောက်ရှိနေပါပြီ။ အာဆီယံမှာ အကောင်းဆုံး အသင်းလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာအသင်း အနေနဲ့ကလည်း နောက်ဆုံး မိနစ်အထိ အခွင့်အရေး ရှိနေပါသေးတယ်။ ရတဲ့ အခွင့်အရေးအတိုင်း ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ မြန်မာ ပရိသတ်တွေ လက်ခံနိုင်လောက်တဲ့ ခြေစွမ်းမျိုး ဖြစ်ဖို့ ဦးစားပေး ပြင်ဆင်ထားပါတယ်။ တစ်ဦးချင်း အမှားနည်းနိုင်သမျှ နည်းအောင် ကြိုးစားကြဖို့ မှာကြားထားပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ တစ်ဦးချင်း အမှားကနေ ဂိုးပေးလိုက်ရတာ ဖြစ်လို့ မနက်ဖြန်ပွဲမှာ ဒီလိုမဖြစ်အောင် ကြိုးစားကြပါမယ်။"လို့ မစ္စတာဂတ်ဆီက ပြောပါတယ်။

"မြန်မာအသင်းနဲ့ ကစားမယ့်ပွဲမှာ ကစားသမားအချို့ အပြောင်းအလဲ ပြုလုပ်ကစားသွားဖို့ ရှိပါတယ်။ မြန်မာအသင်းက အသင်းကောင်း တစ်သင်းဖြစ်လို့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာတာပါ။ ဒါကြောင့် လျှော့မတွက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ ရလဒ်ကောင်း ရဖို့ ဆက်ပြီး ကြိုးစားနေရဦးမှာပါ။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။"လို့ ထိုင်းနည်းပြ ကိုင်တီဆက်က ဆိုသည်။

မြန်မာအသင်းက အိမ်ကွင်းမှာ ထိုင်းအသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ထားလို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကစားရမယ့် ပွဲစဉ်မှာ ထိုင်းအသင်းကို အနိုင်ရဖို့ အဝေးကွင်းမှာ ရုန်းကန်ရမယ့် အနေအထားရှိနေပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required