ရခိုင်ပြည်နယ်အသုံးစရိတ် နှစ်စဉ်လိုအပ်ငွေထက် ၆၀ ရာခိုင်နှုန်း လျော့ချခံရ

ရခိုင်ပြည်နယ်အသုံးစရိတ် နှစ်စဉ်လိုအပ်ငွေထက် ၆၀ ရာခိုင်နှုန်း လျော့ချခံရ

စစ်တွေ၊ ဒီဇင်ဘာ ရ ရက်။              ။ ရခိုင်ပြည်နယ် အသုံးစရိတ်အတွက် အနည်းဆုံး ကျပ် ဘီလီယံ ၃၀၀ ကျော် နှစ်စဉ် လိုအပ်နေခြင်း ဖြစ်သော်လည်း ပြည်ထောင်စုအစိုးရမှ ယင်းပမာဏ၏ ၆၀ ရာခိုင်နှုန်းကို လျှော့ချလိုက်ကြောင်း ပြည်နယ်လွှတ်တော်မှ သိရသည်။

ယခုလာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ကို ပြည်နယ် လွှတ်တော်မှ ရေးဆွဲတင်ပြခြင်း မပြုမီ ပြည်ထောင်စုအစိုးရမှ ကျပ် ၁၄၂ ဒဿမ ၃၉ ဘီလီယံကို ရခိုင်ပြည်နယ်၏ လာမည့် ဘဏ္ဍာနှစ်အတွက် ခွင့်ပြုငွေအဖြစ် ဆုံးဖြတ် ချထားပေးခဲ့ခြင်းဖြစ်သည်။

“ဘဏ္ဍာငွေကြေးတွေကို သုံးစွဲတာကတော့ ဝန်ကြီးဌာန တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ကွာဟမှုတွေတော့ ရှိပါတယ်။ တစ်ချို့ဌာနတွေဆိိုရင် ငွေကြေး အလုံးအရင်းနဲ့ သုံးစွဲနေရသလို တစ်ချို့ဌာနတွေဆိုရင် မလိုအပ်တဲ့ ဟာတွေလည်း ရှိပါတယ် ” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်၏ နှစ်စဉ် သုံးစွဲရန်လိုအပ်ငွေ အနည်းဆုံးပမာဏမှာ ကျပ်ဘီလီယံ ၃၀၀ ကျော်ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တင်ပြခဲ့သော်လည်း ၁၄၅ ဘီလီယံသာ ချပေးခဲ့သည်။

“၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ် လိုအပ်ချက်တွေကို ရေးဆွဲဖို့အတွက် အရေးပေါ်လွှတ်တော်ခေါ်ယူပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေကနဲ့ မတူဘူး။ အခုနှစ်မှာ သူတို့က သတ်မှတ်ပေးလိုက်တော့ အခက်အခဲတော့ ရှိနိုင်ပါတယ် ”  ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ပြည်နယ်အသုံးစရိတ် ဘတ်ဂျက်ကို ပြည်ထောင်စုမှ တိုက်ရိုက် ကိုင်တွယ်မည်ဖြစ်ကြောင်းနှင့် ခွင့်ပြုငွေကိုပါ တပါတည်း ခွဲဝေသတ်မှတ်လိုက်ကြောင်း ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုမှ တဆင့် အသိပေးခဲ့ပြီး ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး တစ်ရပ် (၂/၂၀၁၆) ကို ဒီဇင်ဘာ ၅ ရက်နေ့မှ ရ ရက်နေ့ထိ ခေါ်ယူဆွေးနွေးစေခဲ့ပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အဆင့် အသုံးစရိတ်လိုုအပ်ငွေများအား ယခင်အစိုးရသက်တမ်းကဲ့သို့ ပြည်နယ်လွှတ်တော်မှ ရေးဆွဲတောင်းခံခွင့် မပြုတော့ဘဲ ပြည်ထောင်စု အစိုးရက တိုက်ရိုက်ခွဲဝေသတ်မှတ်ပေးပြီး ယင်းနှုန်းထားအပေါ်တွင် ရေးဆွဲရမည်ဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ပြည်နယ်လွှတ်တော်က လိုအပ်တာတွေကို စီမံကိန်းအလိုက် ရေးဆွဲပြီး ပြည်ထောင်စုကို တင်ပြခဲ့ရပါတယ်။ ခု တစ်ခြားပြည်နယ်တွေနည်းတူ ခွဲဝေလိုက်တော့ လုပ်ငန်းဆောင်ရွက်တာတွေမှာ နှေးကွေးမှုတွေ ရှိလာတော့မှာ သေချာပါတယ် ” ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောသည်။

ရခိုင်ပြည်နယ််သည် အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်တစ်ခု ဖြစ်သည့် အတွက် ဘဏ္ဍာငွေ ခွဲဝေပေးရာတွင် တခြားပြည်နယ််များ နည်းတူ ခွဲဝေသတ်မှတ်မှု မပြုသင့်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ပြောကြားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required