မလေးရှားဝန်ကြီးချုပ်၏ ဘင်္ဂါလီအရေး စွပ်စွဲချက်အပေါ် စိတ်ပျက်မိကြောင်း မြန်မာအစိုးရ အသိပေး

မလေးရှားဝန်ကြီးချုပ်၏ ဘင်္ဂါလီအရေး စွပ်စွဲချက်အပေါ် စိတ်ပျက်မိကြောင်း မြန်မာအစိုးရ အသိပေး
မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇက်(ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(ဒီဇင်ဘာ ရရက်၊ ၂၀၁၆ခုနှစ်)။                   ။ ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ပြင်းထန်စွာ စွပ်စွဲပြောကြားမှုများအပေါ် များစွာအံ့ဩစိတ်ပျက်မိကြောင်း မြန်မာနိုင်ငံခြားရေးဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို ခေါ်ယူအသိပေးခဲ့သည်။

နို်င်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mohd. Haniff Bin Abd Rahman အား ဒီဇင်ဘာ ၆ရက် မွန်းလွဲပိုင်းက ဆင့်ခေါ်၍ ယင်းသို့ အသိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၄ရက်က ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာ(ဘင်္ဂါလီ)များအပေါ် “လူမျိုးသုဉ်းသတ်ဖြတ်မှု” ၊ “လူမျိုးစုသုတ်သင်ရှင်းလင်းမှု” ဟူ၍ စသည့် မဟုတ်မမှန် စွပ်စွဲချက်များကိုလည်း မလေးရှားသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ဒုဝန်ကြီး ဦးကျော်တင်က ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ရရက်တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “စွပ်စွဲချက်များသည် မြေပြင်ပေါ်ရှိ ပကတိအခြေအနေများနှင့် လုံးဝကိုက်ညီမှုမရှိကြောင်းနှင့် ထိုသို့ တာဝန်မဲ့ပြောကြားမှုက လူ့အသိုက်အဝန်းနှစ်ခုအကြား ကွဲပြားမှုများကို ပိုမိုကြီးမားစေနိုင်ပြီး အစွန်းရောက် အကြမ်းဖက်ဝါဒကို နှိုးဆွပေးသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်” ဟု ပါရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင် ရိုဟင်ဂျာများအား မျိုးသုဉ်းသတ်ဖြတ်ခြင်းမှ ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဖြန်ဖြေပေးရမည်ဟု မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇက်က ဆန္ဒပြပွဲတွင် စွပ်စွဲပြောဆိုခဲ့သည်။

ယင်းပြောဆိုချက်ချက်များနှင့်ပတ်သက်၍ ဒုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို ဆင့်ခေါ်၍ ပြောကြားခဲ့ရာတွင် “မြန်မာနိုင်ငံအပေါ် အဖွဲ့အစည်းအချို့မှ ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်ဆောင်ရွက်နေသည့် မဟုတ်မမှန်သတင်းများဖြင့် ဝါဒဖြန့်မှုများကြောင့် နားလည်မှုလွဲမှားခြင်းမျိုးမဖြစ်ရန် လိုအပ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပဋိပက္ခအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား၍ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသည့်မူကို စောင့်ထိန်းရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ရခိုင်ဒေသတည်ငြိမ်ရေးနှင့် လုံခြံုအေးချမ်းရေး၊ လူ့အသိုင်းအဝန်းနှစ်ခုအကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို တည်ထောင်နိုင်ရေးတို့အတွက်   မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ကူညီပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ အခြေအမြစ်မရှိသည့် သတင်းအချက်အလက်များကို အခြေခံ၍ ပြဿနာအတွက် ဖြေရှင်းရန် နည်းလမ်းရရှိရေးထက် ပြဿနာပိုမိုကြီးထွားမှုကို ဖြစ်စေနိုင်သည့် ဝေဖန်ပြောကြားမှုများကို ရှောင်ရှားသင့်ကြောင်း ပြောကြားခဲ့ပါသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာအစိုးရအနေဖြင့် ရခိုင်ဒေသအရေးကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် အမျိုးသားအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံ၌ လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဆိုသော ပြောဆိုမှုများအား လက်လွတ်စပယ် မသုံးနှုန်းသင့်ဟု မစ္စတာကိုဖီအာနန်က ရန်ကုန်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required