ရခိုင်အသိုက်အဝန်းမှ အသက်ကြီးသူများ ပူးပေါင်းဆောင်ရွက်မှုအားနည်းဟု ကိုဖီအာနန်ပြော

ရခိုင်အသိုက်အဝန်းမှ အသက်ကြီးသူများ ပူးပေါင်းဆောင်ရွက်မှုအားနည်းဟု ကိုဖီအာနန်ပြော
(ဓာတ်ပုံ- Senior General Min Aung Hlaing ဖေ့စ်ဘွတ်မှ)

နေပြည်တော်(ဒီဇင်ဘာ ၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရခိုင်ပြည်နယ်အရေးဖြေရှင်းရန် ကွင်းဆင်းလေ့လာသည့် ခရီးစဉ်များအတွင်း ရခိုင်အသိုက်အဝန်းမှ အသက်ကြီးသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဌ မစ္စတာ ကိုဖီအာနန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

မစ္စတာ ကိုဖီအာနန်က “လူငယ်အချင်းချင်းအနေဖြင့် ထိတွေ့ ဆက်ဆံမှုများရှိသော်လည်း ရခိုင်အသိုက်အဝန်းမှ အသက်ကြီးသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းကြောင်း” ပြောဆိုခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် ဒီဇင်ဘာ(၆)ရက်၊ နံနက် ၁၀နာရီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရခိုင်အသိုက်အဝန်းမှ အသက်ကြီးသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းသည်ဟူသော မစ္စတာကိုဖီအာနန်၏ ပြောဆိုချက်အပေါ် ဗိုလ်ချုပ်မှူးကြီးက “ရခိုင်လူကြီးပိုင်းသည် သမိုင်းကို မီခဲ့ကြသူများဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သမိုင်းတွင်ဖြစ်ပျက်ခဲ့မှုများအပေါ် တွေ့မြင်သိရှိခဲ့သောကြောင့် ခံစားချက်များရှိမည်ဖြစ်ပြီး လူငယ်များနှင့်အမြင်မတူနိုင်ကြောင်း၊ သို့ဖြစ်၍ပူးပေါင်းဆောင်ရွက်မှုမှာလည်း ကွာခြားနိုင်ကြောင်း” ပြန်လည်ပြောဆိုခဲ့သည်။

ထို့ပြင် တပ်မတော်အပေါ် လူ့အခွင့်အရေးချိုးဖောက်ကြောင်းစွပ်စွဲမှုများနှင့် ပတ်သက်၍ပြောကြားရာတွင် သတင်း မီဒီယာတချို့တွင် တပ်မတော်မှ လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲပြောဆို မှုများရှိကြောင်း၊ လူသတ်မှု၊ မုဒိမ်းမှုများနှင့်ပတ်သက်၍ မြေပြင်တပ်များမှ တင်ပြချက်အရ ယင်းဖြစ်စဉ်များ မရှိကြောင်း၊ မီးရှို့ခြင်းနှင့်ပတ်သက်၍ သူတို့ကိုယ်တိုင်အချင်းချင်းမီးရှို့သည် များလည်းရှိကြောင်း၊ အိမ်မီးလောင်ပါက အိမ်အသစ်ရမည်ဆိုပြီးလုပ်ဆောင်သည်များလည်းရှိနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့ တပ်မတော်ကသာအဓိက ပြန်လည် လုပ်ဆောင်ပေးရသည့် အစဉ်အလာနှင့် အတွေ့အကြံုများစွာရှိခြင်းကြောင့် တပ်မတော်ကအိမ်များကို မီးရှို့ခြင်းမှာ မဖြစ်နိုင်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်အနေဖြင့်မူ မြန်မာနိုင်ငံနှင့် တပ်မတော်အတွက် အထောက်အကူပြုနိုင်မည့် အစီရင်ခံစာ ပြုစုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးထင်ကျော်နှင့်လည်း ယမန်နေ့က သွားရောက်တွေ့ဆုံခဲ့သေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required