မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီအနေဖြင့် ရခိုင်အကြံပေးကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်မည်မဟုတ်

မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီအနေဖြင့် ရခိုင်အကြံပေးကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်မည်မဟုတ်

ရန်ကုန်၊ နိုဝင်ဘာ ၆ ။              ။ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းလိုက်သည့် မောင်တောအကြမ်းဖက်မှု လေ့လာရေးကော်မတီအနေဖြင့် ရခိုင် အကြံပေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိမည်မဟုတ်ဟု မောင်တော အကြမ်းဖက်လေ့လာရေး ကော်မတီ အဖွဲ့ဝင် ဦးထွန်းသာစိန်က မဇ္စျိမကို ပြောသည်။

" အကြံပေးကော်မရှင်နဲ့ပက်သက်ပြီးတော့ ပူးပေါင်းပြီးဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး " ဟု ဦးထွန်းသာစိန်က ပြောသည်။

လွှတ်တော် ကိုယ်စားပြု ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ၅ ဦးနှင့် ရခိုင် အကြံပေး ကော်မရှင်တို့ တွေ့ဆုံစဉ် “ ရခိုင်ပြည်နယ်အရေး ဖြေရှင်းနိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း ရခိုင်တိုင်းရင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည် ကို တွေ့ရှိခဲ့ ရကြောင်း “ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားထားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးကျော်ဇောဦးက စက်တင်ဘာ ၁၂ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်ကို ကန့်ကွက် ကြောင်းအဆို တင်သွင်းခဲ့ပြီး ယင်းအဆိုကို စက်တင်ဘာလ ၁၄ရက်နေ့ က ဆွေးနွေး အတည်ပြုထားသည်။

မောင်တောအကြမ်းဖက်မှုလေ့လာရေး ကေ်ာမတီအနေဖြင့် နှစ်ကြိမ်ကွင်းဆင်း လေ့လာထားပြီး ပထမအကြိမ် အစီရင်ခံစာကို လွှတ်တော် ဥက္ကဋ္ဌ ထံတင်ပြထားပြီးကြောင်း သိရသည်။

ဒုတိယအကြိမ်အစီရင်ခံစာကို ဒီဇင်ဘာ နောက်ဆုံးအပတ်ခန့်တွင် တင်ပြရန်စီစဉ်ထားကြောင်း မောင်တော အ ကြမ်းဖက်မှုလေ့လာရေး ကေ်ာမတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

တင်ပြထားသည့် အစီရင်ခံစာအချက်အလက်များကို လွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီး ရခိုင်ပြည်နယ် အ စိုးရထံသို့ ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း ဦးထွန်းသာစိန်ပြောပြချက်အရ သိရသည်။

မောင်တော အကြမ်းဖက်မှု လေ့လာရေးကော်မတီကို အောက်တိုဘာ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး ၂ /၂၀၁၆ မှသာ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly