မြန်မာနှင့်ထိုင်း ပွဲစဉ်အတွင်း လက်မှတ်မှောင်ခိုနှင့် တုတ် ဓား လက်နက်သယ်ဆောင်သူ ၁၃ ဦးကိုဖမ်းဆီးထား

မြန်မာနှင့်ထိုင်း ပွဲစဉ်အတွင်း လက်မှတ်မှောင်ခိုနှင့် တုတ် ဓား လက်နက်သယ်ဆောင်သူ ၁၃ ဦးကိုဖမ်းဆီးထား

ရန်ကုန်၊ ဒီဇင်ဘာ ၅ ။           ။ မြန်မာနှင့်ထိုင်း ပွဲစဉ်အတွင်း လက်မှတ်မှောင်ခိုများနှင့် တုတ်၊ ဓား၊ လက်နက် သယ်ဆောင်လာသူ  ၁၃ ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် သုဝဏ္ဏကွင်း ပတ်ဝန်းကျင်တွင် လက်မှတ်မှောင်ခို ရောင်းချလျက်ရှိသည့် အမျိုးသား (၅)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၇)ဦးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လူ့အသက်အန္တာရယ် ဖြစ်စေနိုင်သည့် လက်နက်များ သယ်ဆောင်လာသူ (၆)ဦးကိုလည်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ (ပ)၁၂၆၂/၂၀၁၆၊ လက်နက် ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

“ ကျွန်တော်တို့ အားလုံးထုတ်ပြန်ပေးသွားမှာပါ “ ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူး လှဝေက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းစဉ် မဇ္စျိမသို့ဖြေကြားခဲ့သည်။

Main Gate အဝင်ပေါက်တွင် အဖြူရောင် Crown ကိုယ်ပိုင်ယာဉ်ကို ရှာဖွေစစ်ဆေးရာ အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ တိပ်အနက်ရောင်ပတ် ဓားအိမ်တစ်ခု၊ အရိုးအသွား (၈)လက်မခန့်ရှိ ဓားဦးချွန်ခေါက်ဓား တစ်ချောင်း၊ သတ္တုဖြင့် ပြုလုပ်ထားသည့် လေးဂွ(၁)ချောင်း၊ လောက်စာလုံး ၂၉ လုံးပါ ပလက်စတစ်အိတ် (၁)ထုပ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ၁၃ ဦးအပြင် ဆူပူရမ်းကားသူ (၂၄) ဦးကို ဘောလုံးပွဲပြီးဆုံးချိန်ထိ ခေတ္တထိန်း သိမ်းထားခဲ့ပြီး သုဝဏ္ဏနယ်မြေ ရဲ စခန်းတွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်ထွေးမှ အုပ်ထိန်းသူ/ ခံဝန်သူ (၂) ဦးစီဖြင့် ခံဝန်ပြုလုပ်၍ စနစ်တကျ အပ်နှံပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၄ရက်နေ့က ကျင်းခဲ့သည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အတွင်း ပရိသတ်အချို့၏ အလွန်အကျုးအားပေးမှုကြောင့် ဖမ်းဆီးအရေးယူမှု ၄၀ ခန့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required