ရန်ကုန်မြို့တော်က စာမရီ ငှက်မလေးနှစ်ကောင်

ရန်ကုန်မြို့တော်က စာမရီ ငှက်မလေးနှစ်ကောင်

Y.A.K ဆိုတဲ့ ဟစ်ဟော့ပ် အဆိုတော် အမျိုးသမီးနှစ်ဦးကို ရန်ကုန်မြို့က လူငယ်ပရိသတ်တွေအားလုံး သိကြပါတယ်။ ဟစ်ဟော့ပ် သီချင်းတွေကို အမျိုးသားတွေလို ပိုင်နိုင်တဲ့ကျွမ်းကျင်မှုနဲ့သီဆိုနိုင်ပြီး မိန်းကလေးမဆန်တဲ့ ဖက်ရှင်ဝတ်စားဆင် ယင်ပုံတွေကြောင့် ရန်ကုန်မြို့၊မြေအောက်ရှိုးပွဲ(Underground Show) တွေမှာ ပရိသတ်တွေသတိထားမိလာကြပါတယ်။ Y.A.K ဆိုတာဘာလဲ၊ Y.A.K ရဲ့ဦးတည်ချက်ကဘယ်လဲ……….။

စာမရီငှက်(သို့) အမြဲတမ်းမြို့တော်ရန်ကုန်

Y.A.K ဆိုတဲ့နာမည်အဓိပ္ပာယ်ကို Y.A.K ပရိသတ်တွေတောင်သေချာ မသိကြပါ ဘူး။ ယောကျာၤးဆန်တဲ့ အမျိုးသမီးနှစ်ဦးရဲ့ အဖွဲ့ အမည်ကလည်း အဓိပ္ပာယ်အများကြီးရှိပါတယ်။

“Y.A.K ဆိုတာ စာမရီငှက်ကိုပြောတာ။ သဇင်တို့အဖွဲ့ဖွဲ့မယ်ဆိုတော့ သူငယ်ချင်းတစ်ယောက်ရဲ့အမက Zoology က ကထိက။ သူကရှာပေးတာ။ ဂူဂဲလ်မှာရှာမယ်ဆိုရင်တော့ Y.A.K ဆိုတာ တိဘက်က အမွှေးရှည်တဲ့နွားတစ်မျိုး။ ဒါပေမယ့် အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာတော့ စာမရီငှက်။ သူ့အမွှေးက ဘုရင်ရဲ့အဆင်တန်ဆာငါးမျိုးထဲမှာပါတယ်။” Y.A.K အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သဇင်က ရှင်းပြတာပါ။

Y.A.K ရဲ့နောက်ထပ်အဓိပ္ပာယ်တစ်ခုကိုတော့ သူတို့ပရိသတ်တွေ ကပဲပေးထားပြီး ရန်ကုန်ကအမြဲတမ်းမြို့တော်(Yangon Always Kingdom) ဖြစ်ပါတယ်။

Y.A.K ကို ၂၀၀၃ခုနှစ်မှာ သဇင်တစ်ဦးတည်းနဲ့စခဲ့ပြီး ၂၀၀၄မှာတော့ နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အေးအေးအောင် ပါဝင်လာပြီး ဂီတအလုပ်တွေကို ဆက်တိုက်လုပ်ခဲ့ပါတယ်။ Y.A.Kအဖွဲ့ဟာ မြေအောက်ရှိုးပွဲတွေမှာ နာမည်ရလာပြီး Solo Album ထုတ်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။

ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့ Hip Hop ခရီးကြမ်း

Y.A.K အဖွဲ့ဟာ မြန်မာနိုင်ငံက အခြားအမျိုးသမီး ဟစ်ဟော့ပ်တေးသံရှင်တွေနဲ့မတူပဲ ထူးခြားတဲ့ စိတ်ကူး၊ အတွေးအခေါ်၊ ခံယူချက်တွေနဲ့ ဂီတလမ်းမပေါ်မှာ လျှောက်လမ်းနေကြတာပါ။ သူတို့ ဖြတ်သန်းလာတဲ့ ခရီးဟာ ချောမွေ့ခဲ့တာမဟုတ်ပဲ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ရုန်းကန်ခဲ့ရတာပါ။

“ဟစ်ဟော့ပ်ကို အမျိုးသမီးတွေသိပ်မလုပ်ဘူးဆိုတာ၊ ဒီဂီတက အရမ်းမိန်းမဆန်လို့မရဘူး။ အရမ်းယောကျာၤးဆန်ရင်လည်း တစ်ချို့ပရိသတ်က မကြိုက်ကြဘူးလေ။ ဒါကြောင့် ဖြတ်သန်းခဲ့ရတာတော့ ခက်ခဲပါတယ်။ သီချင်းနဲ့ ပတ်သက်ပြီး လည်းတော်တော်လေ့လာ ခဲ့ရတယ်။ ”လို့ သဇင်ကပြောပါတယ်။

သူတို့အဖွဲ့ဟာ မြန်မာ့ဂီတလောကက အခြားအမျိုးသမီးဟစ်ဟော့ပ်အဆိုတော်တွေလို အောင်မြင်လာတဲ့အခါ မှာ Pop တွေ R&B ဂီတအမျိုးအစားတွေကို ပြောင်းလဲသီဆိုသွားမှာမဟုတ်ပဲ ဟစ်ဟော့ပ်ဂီတအစစ်ကိုပဲ တစိုက်မတ်မတ်လုပ်ဖို့ ရည်ရွယ် ထားတာပါ။

ဟစ်ဟော့ပ်သီချင်းတွေနဲ့ လူသိများထင်ရှားလာပြီးနောက်ပိုင်း ကွဲပြားတဲ့ဂီတအမျိုးအစားတွေလုပ်လာတဲ့သူတွေအပေါ်လည်း ဘာမှတ်ချက်မှ ပေးစရာမရှိဘူးလို့ သဇင်က ပြောပါတယ်။

“သူတို့လမ်းကြောင်းကို သူတို့ရွေးတာပါ။ သူတို့လိုချင်တဲ့အောင်မြင်မှု၊ သူတို့လိုချင်တဲ့ ပိုက်ဆံ အတွက်ရွေးချယ်တာဖြစ် လို့ပြော စရာမရှိပါဘူး။”

မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ်ဂီတ ကျယ်ပြန့်လာပြီ ဖြစ်နေပေမယ့် အမျိုးသမီးအဆိုရှင်တွေကတော့ ရှားပါးနေဆဲပါ။ အမျိုးသား အဆိုတော်တွေတောင် ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်မှာ အမျိုးသမီးနှစ်ဦးရဲ့ Y.A.K ကတော့ ရဲရဲတောက်စိတ်ဓာတ်နဲ့ ဟစ်ဟော့ပ်လောကထဲမှာ လှုပ်ရှားနေတာ ဆယ်နှစ်ကျော်ပါပြီ။ ဒီအဖွဲ့နဲ့ပတ်သက်ပြီး ဆိုင်းကလုန်းအဖွဲ့ဝင် သုတအေးက လည်းသူ့အမြင်ကိုပြောပါတယ်။

“ဟစ်ဟော့ပ်လောကထဲမှာ ဒီလိုအမျိုးသမီးအဆိုတော်တွေရှိတာ ကောင်းပါတယ်။ ရှိသင့်တယ်လို့လည်းမြင်ပါတယ်။ သူတို့ရှိနေတာ ကျွန်တော်တို့လည်း ပျော်ပါတယ်။ ဒါကြောင့် လိုအပ်တာတွေလည်း ဝိုင်းကူဖြစ်ပါတယ်။”

Y.A.K ရဲ့ဟစ်ဟော့ပ်ဂီတအပေါ်ထားတဲ့ခံယူချက်နဲ့ စိတ်ဓာတ်ကတော့ ပြတ်သားပြီး ဘဝမှာဒီဂီတကို လုပ်နိုင်စွမ်းရှိတဲ့အချိန် အထိလုပ်သွားဖို့ ဆုံးဖြတ်ထားသူတွေပါ။ သူတို့အနေနဲ့ ဒီဂီတလမ်းကြောင်းပေါ်မှာ ရာသက်ပန်လျှောက်လှမ်းချင်ပေ မယ့်မြန်မာနိုင်ငံရဲ့အနေအထားအရ ယတိပြတ်မပြောနိုင်သေးဘူးလို့ သဇင်က ဆိုပါတယ်။

“သဇင်တို့အရမ်းအားကျတဲ့နိုင်ငံခြားက ဟစ်ဟော့ပ်အဆိုရှင်တစ်ဦးရှိတယ်။ သူက Missy Elliott ပါ။ သူက အသက်ကြီးတဲ့ အထိစင်ပေါ်မှ ဂေါ်နေတုန်းပဲ။ သဇင်တို့လည်း ဒီဂီတကို လုပ်နိုင်သလောက်အထိ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာက အောင်မြင်ပြီးရင် ခုနှစ်နှစ်လောက်ပဲခံတယ်။ နောက်ထပ် အောင်မြင်ဖို့မလွယ်ဘူး။ ဒါကြောင့် ပြောလို့ မရသေး ဘူး။”

အမျိုးသမီးတွေဘက်က ရပ်တည်မယ့် YAK

Y.A.K အနေနဲ့ သူတို့သီချင်းတွေမှာ ဘဝအကြောင်းတွေကိုသီဆိုဖြစ်တာများပြီး လူငယ်တွေကို အသိတရားတစ်ခုခုပေးနိုင်အောင် ကြိုးစားသီဆိုလေ့ရှိပါတယ်။ သူတို့အဖွဲ့သီဆိုတဲ့ သီချင်းတွေဟာ လူငယ်တွေအတွက် အကျိုးမရှိခဲရင်တောင် အဆိပ်မဖြစ်အောင် သတိထားရေးစပ်လေ့ရှိပါတယ်။ အမျိုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသမီးထုကို ကိုယ်စားပြုတဲ့သီချင်းတွေကိုလည်း လုပ်ထား ပြီး နိုင်ငံရေး သီချင်းတွေကိုတော့ လုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အမျိုးသမီးတွေအတွက် စိတ်ဓာတ်မြှင့်တင်ပေးမယ့်သီချင်းမျိုးတွေ၊ ဘဝကို ရင်ဆိုင်နိုင်မယ့် ခွန်အားဖြည့်သီချင်း ပုံစံမျိုးတွေကို သီဆိုနေကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ဂီတနဲ့ဘဝရပ်တည်မှုအတွက် ဟန်ချက်ညီအောင် ပင်ပင်ပန်းပန်းရုန်းကန်နေရဆဲပါ။ ဝါသနာအရ ရွေးချယ်ထားတဲ့ ဂီတအတွက် ပင်ပန်းဆင်းရဲပေမယ့် နောက်ဆုတ်ဖို့တော့ သူတို့က ဘယ်တော့မှာမတွေးပါဘူး။

“ဝါသနာအရ ဂီတကို လုပ်နေပေမယ့် ထမင်းစားဖို့ အတွက်ကတော့ အလုပ်လုပ်ရပါတယ်။ ညီမတို့နှစ်ယောက်စလုံး လက်ရှိ အချိန်မှာ အလုပ်လုပ်ပါတယ်။ ရှိုးဆိုစရာရှိရင်သွားဆို၊ အသံသွင်းစရာရှိရင် သွားသွင်း၊ သီချင်းရေးမယ်ဆိုလည်း ညဘက် မှရေး။ အဲ့ဒီလို လှုပ်ရှားရပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်ထားတာဖြစ်တဲ့အတွက် နောက်မဆုတ်ပါဘူး။ နောက်ပိုင်း ဂီတနဲ့ ထမင်းစားနိုင်တဲ့အခြေအနေရောက်ရင်တော့ တစ်မျိုးပေါ့”လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အေးအေးအောင်က ပြောပါတယ်။

သူတို့နှစ်ဦးရဲ့လက်ရှိအခြေအနေက မြန်မာနိုင်ငံက ဟစ်ဟော့ပ်ဂီတကို အပင်ပန်းအဆင်းရဲခံလုပ်နေကြတဲ့ လူငယ်တွေအားလုံး ရဲ့ပုံရိပ်ကို ထင်ဟပ်ပြသနေပါတယ်။ Y.A.K အဖွဲ့မိန်းမမဆန်တဲ့ ဟန်ပန်၊ ဝတ်စားဆင်ယင်ပုံတွေကြောင့် တစ်ချို့ကဝေဖန်ပြစ် တင်မှုတွေရှိပေမယ့် သူတို့ကတော့ လုပ်နေတဲ့အလုပ်အတွက် လိပ်ပြာလုံပြီး ဝေဖန်မှုတွေကို အာရုံမစိုက်ပဲ ကိုယ့်လမ်းကြောင်း အတိုင်း ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့သာ အာရုံထားကြိုးစားနေကြတာပါ။

“ဖက်ရှင်ကတော့ အရင်ကတည်းက တီရှပ်နဲ့ ဘောင်းဘီအပွတွေကို ကြိုက်ခဲ့တာ။ တမင်ထွင်ဝတ်တာမဟုတ်ပါဘူး။ သဇင် တို့ကို ပျက်စီးနေတဲ့ မိန်းကလေးတွေလို့ ဝေဖန်တာမျိုးတော့အခုထိမကြုံဘူးသေးပါဘူး။ ပြောတဲ့လူတွေရှိနေရင်လည်း ဂရုစိုက်မှာမဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်အတိုင်း သမိုင်းကြောင်းက ဖော်ပြပေးသွားမှာပါ။” ဝတ်စားဆင်ယင်မှုနဲ့ အမြင်လွဲဝေဖန်မှုတွေအပေါ် သဇင်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Y.A.K ဆိုတာ…..

တကယ်တော့Y.A.K ဆိုတာ ဟစ်ဟော့ပ်သီချင်းတွေသီဆိုနေတဲ့ သာမန်မိန်းကလေးငယ်နှစ်ဦးပါ။ ဒါပေမယ့် ခံယူချက်၊ စိတ်ဓာတ်၊ တွေးခေါ်ပုံတွေအားလုံးကတော့ သာမန်မိန်းကလေးတွေနဲ့ကွဲထွက်ပြီး ထူးခြားနေပါတယ်။ သူတို့ဟာ သူတို့ဝါသနာ ပါတတ်ကျွမ်းနားလည်တဲ့ ဂီတနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုစေနိုင်ဖို့ ဆန္ဒရှိသူတွေဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းဖို့ ပင်ပန်းဆင်းရဲမှုတွေကိုလည်း မမှုသူတွေပါ။

Y.A.K ဆိုတာ စာဖွဲ့ရလောက်အောင် အောင်မြင်မှုရရှိနေတဲ့ ဂီတအဖွဲ့မဟုတ်ပေမယ့် ဟစ်ဟော့ပ်ဂီတကို စတင်ရလောက်အောင် ချစ်မြတ်နိုးတဲ့ဂီတအဖွဲ့တစ်ခုပါ။ Y.A.K ဆိုတာချောမောလှပမှု မာယာတွေနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့အမျိုးသမီး အဆိုတော်တွေ မဟုတ်ပေမယ့် စစ်မှန်တဲ့ဂီတကိုသာ တစိုက်မတ်မတ်လုပ်နေပြီး ဟန်အမူအယာအပိုမရှိပကတိ ရိုးသားတဲ့ ဟန်ပန်နဲ့ ပရိတ်မေတ္တာကို ရရှိဖို့ကြိုးစားနေတဲ့ အမျိုးသမီးအဆိုတော်တွေပါ။ Y.A.K မှာ ပီသချိုမြတဲ့ အသံမျိုးမရှိပေမယ့် ဟစ်ဟော့ပ်သီချင်းတွေ သီဆိုဖို့ မာထန်တဲ့အသံရှိပါတယ်။ Y.A.K မှာ ငွေကြေးကြွယ်ဝချမ်းသာမှုတွေ မရှိပေမယ့် အောင်မြင်မှု ကို ငွေနဲ့မလဲဘူးဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်မျိုးတွေ၊ အောင်မြင်မှုအတွက် အလွယ်လမ်းမလိုက်ဘဲ ကြမ်းတမ်းတဲ့ ခရီးလမ်းပေါ် လျှောက်ပြီးကြိုးစားလိုတဲ့ စိတ်ဓာတ်မျိုးတွေ ချမ်းသာပါတယ်။ Y.A.K ဆိုတာ………..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required