ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲကြီးသို့ မောင်မှန် ဆိုက်ရောက်ခြင်း

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲကြီးသို့ မောင်မှန် ဆိုက်ရောက်ခြင်း
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)
 

မကြာသေးမီက စာတမ်းဖတ်ကြား တင်သွင်းမယ့်ကိစ္စတွေ ဂွတီး ဂွကျ ဖြစ်ခဲ့တဲ့ ခေတ်ပြိုင်စာပေသမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲဆိုတာကြီး ဒီဇင်ဘာ (၁) ရက်နေ့မှာ စတင်ကျင်းပပါပြီ။ ဆောင်းရာသီ စာအုပ် စျေးရောင်းပွဲတော်ဆိုတာလည်း ပါသဗျ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဒီပွဲတော်ကြီးမှာ ဖတ်ကြားတင်သွင်းမယ့် စာတမ်းအတော်များများ အပယ်ခံရတုန်းက မောင်မှန် ဘာမှ မရေးခဲ့ဘူး။ (ရေးမယ်ဆို အတော်ရေးကောင်းမယ့်အကွက််ပါ) အပယ်ခံရတဲ့ စာတမ်းတစ်စောင်ဆို ကျောဘက်မှာရေးထားတဲ့ မှတ်ချက်က လက်ဝဲသမိုင်း ဖြစ်နေတယ်ဆိုလားပဲ။ နောက်ပြီးတော့ အပယ်ခံရတဲ့ အချို့စာတမ်းတွေက ပွဲကျင်းပရေးအပိုင်းက ဝါရင့်သမ္ဘာရင့် စာရေးဆရာကြီးတစ်ယောက်က (ဆင်ဆာမဖြတ်ပါဘူးဆိုပြီး)တောင်းတာတဲ့။ အပယ်ခံ စာတမ်းရှင်အချို့ကပဲ ဖေ့စ်ဘုတ်မှာ ရေးလို့ မောင်မှန် သိရပါတယ်။ မဖြတ်ဘူးပြောတယ်။ ပြီးတော့ ဖြတ်တယ်ပေါ့။ ပုလဲရဲ့ သီချင်းလို ကိုကိုယောကျ်ားမဟုတ်ဘူးပေါ့။ (နောက်တာပါ)

စာရေးဆရာကြီးဘက်ကလည်း ပြန်ရှင်းတာရှိပါတယ်။ ဆရာကြီးက သူ့စာတမ်းတောင် မတောင်း၊ ဆင်ဆာမလုပ်ဘူး၊ လုပ်မယ်ပြောမပြောတွေ ရှင်းမနေတော့ဘူး။ တစ်ခါတည်း တည့်(ဒဲ့)ပဲ၊ ဝန်ကြီးမူ ၁၄ ချက်အရတဲ့၊ ဝန်ကြီးရဲ့ မူတွေနဲ့ မကိုက်ညီလို့ ဆိုတဲ့သဘော။ (အံမယ် မောင်မှန်က ဗမူငါးချက်တို့၊ ကာချုပ်မူ ခြောက်ချက်တို့လောက်ပဲ ရှိတယ်မှတ်တာ၊ အခု ဝန်ကြီးမူ ၁၄ ချက်တဲ့) ဝန်ကြီးဆိုတာကလည်း ဟိုအရင်ခေတ်တွေကလို စာမသိ၊ ပေမသိတွေ မဟုတ်တော့ပါဘူး။ စာရေးဆရာဝန်ကြီးပါ။ စာရေးဆရာမှ ရသရော သုတပါ ကျွမ်းကျင်ပိုင်နိုင်စွာ ရေးတတ်တဲ့ စာရေးဆရာကြီးပါ။ ဝန်ကြီးဘက်ကတော့ ပြန်လည်ဖြေရှင်းသံ ဘာမှ မကြားရဘူး။ စကားနည်းရန်စဲ နေလိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ထားပါတော့၊ ပယ်တာတွေပယ်ပြီး ရွေးတာတွေ ရွေးထားတဲ့ စာတမ်းဖတ်ပွဲကြီးကတော့ အခု စပါပြီခင်ဗျာ။

ခေတ်ပြိုင်သမိုင်းတွေ၊ စာပေတွ၊ စာအုပ်အရောင်းပွဲတွေဆိုတော့ မောင်မှန်လည်း စိတ်ဝင်စားပါတယ်။ ဒါနဲ့ပဲ ချီတက်ရောက်သွားတယ် ဆိုပါတော့။ သိမ်ဖြူလမ်း၊ ပြန်ကြားရေးရုံးကြီးရဲ့ အဓိက ဝင်ပေါက်ကြီးမှာ ကော်ဇောစိမ်းစိမ်းကြီးတွေ ခင်းထားပြီး အများပြည်သူတွေ မဝင်ရပါဘူး။ (ဒါက နံနက်ပိုင်းမှာပါ) ပြည်သူတွေက ဘေးပေါက်နှစ်ဖက်က ကျား/မ ခွဲပြီး ဝင်ရပါတယ်။ ဖွင့်ပွဲနေ့မို့ ထင်ပါရဲ့။ လုံခြံုရေး အစောင့်အရှောက်တွေကလည်း များပါတယ်။ ရဲကိုကိုတွေရော အရန်မီးသတ်တွေပါ တွေ့ရပါတယ်။ ရွှေပွဲလာတွေကို စက်နဲ့ ရှာဖွေရေးတွေဘာတွေ လုပ်ပါတယ်။ ပွဲက နိုင်ငံရေးစာတမ်းဖတ်ပွဲ စာအုပ်အရောင်းပွဲဆိုတော့ မသမာသူတွေက ဖျက်လိုဖျက်ဆီး လုပ်ဖို့ မျက်စိကျနေနိုင်တယ် မဟုတ်လား။ ဒါကို အမြော်အမြင်ရှိရှိနဲ့ လုံခြံုရေး အပြည့်အဝယူထားတာ နေမှာပါ။ နောက်ပြီး ဖွင့်ပွဲဆိုတော့ လူကြီးတွေလာမယ်လေ။ သူတို့အတွက်လည်း လုံခြံုရေး အရေးကြီးတာပေ့ါ။

မောင်မှန် အထဲဝင်ဖို့ ခြေလှမ်းပြင်ပြီးမှ တစ်စုံတစ်ခုကို သတိရပြီး တုံ့ကနဲ ဖြစ်သွားတယ်။ မောင်မှန် လွယ်အိတ်ထဲမှ M-150 အချိုရည်ဗူး ပါနေပါတယ်။ မနေ့ညက ဆိုင်က ဝယ်ပြီး အိတ်ထဲထည့်ထားမိတာ အိမ်မှာ မေ့ပြီး မထားမိတာပါ။ ဒီဗူးဟာ ပြဿနာကို ဖိတ်ခေါ်လာနိုင်ပါတယ်။ မောင်မှန့်M-150 ဟာ ရိုးရိုးသားသား ဖြစ်သော်ငြားလည်း လုံခြံုရေး အာဏာပိုင်များအတွက် အလုပ်များ အလုပ်ရှုပ်သွားစေနိုင်ပါတယ်။ ဦးဦးရဲကြီးတွေကို ဒုက္ခပေးသလို ဖြစ်သွားနိုင်ပါတယ်။ မောင်မှန်အတွက်လည်း ဘယ်ကောင်းပါ့မလဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲကြည့် လေဆိပ်မှာ M-150 ဗူးတွေ အိတ်တစ်လုံးနဲ့တွေ့တာ ပြည်သူတွေ အလန့်တကြား ဖြစ်ခဲ့ရပါသော်ကော။ နောက်မှ နိုင်ငံခြားသားနှစ်ယောက် စားအုန်းဆီ နမူနာတွေ ထည့်ယူလာတာ လေယာဉ်နဲ့ ယူခွင့်မရှိလို့ လေဆိပ်မှာ ချန်ထားခဲ့တာကို၊ ဒါကို လေဆိပ်ဝန်ထမ်းတွေက သိမ်းဖို့(ဒါမှမဟုတ်) ပစ်ဖို့ မေ့နေတာတဲ့။ မမေ့ကောင်းတာကို မေ့ပေးတာပဲ။ တော်ပါသေးရဲ့၊ နိုင်ငံပိုင်သတင်းစာတွေက တိတိကျကျ သေသေချာချာ ရေရေရာရာ ရှင်းပြကြလို့ ပြည်သူတွေ စိတ်သက်သာရာ ရခဲ့ကြပါတယ်။ ထားပါတော့။

မောင်မှန် အပြင်းအထန် စဉ်းစားတယ်။ ဦးနှောက်မုန်တိုင်းဆင်တယ်။ ငါဘာလုပ်ရမလဲပေါ့။ အနားက အမှိုက်ပုံးထဲ သွားပစ်လိုက်ရမလား။ တစ်ယောက်ယောက်က တွေ့သွားရင် ခက်ဦးမယ်။ M-150 ဗူးတွေ ပေါက်ကွဲခဲ့တာ အမှိုက်ပုံးတွေမှာ များတယ်လေ။ CCTV တွေ ဘာတွေ ရှိနေရင်လည်း လူတစ်ယောက် အမှိုက်ပုံးထဲ ဗူးတစ်ဗူး လာပစ်သွားတယ်၊ ဘာမှန်းသမိဘူးဆိုပြီး လုံခြံုရေးတွေ အလုပ်ရှုပ်ရဦးမယ်၊ မဖြစ်သေးဘူး၊ မောင်မှန် စဉ်းစားစမ်း၊ စဉ်းစားစမ်း၊ ဟုတ်ပြီ ဟိုဘက်နားလေး အသာသွားပြီး ကိုယ့်ဟာကိုယ်ပဲ ဖွင့်သောက်ပစ်လိုက်တော့မယ်၊ ဟုတ်တယ်၊ ဒါ အကောင်းဆုံးပဲ၊ မောင်မှန့်အကြံကို အမြန်အကောင်အထည်ဖော်လိုက်ပါတယ်။ ဗူးခွံကိုတော့ နိုင်ငံကြီးသားပီသစွာ ပလက်ဖေါင်းဘေး တစ်နေရာ အသာချလိုက်ပြီး အထဲဝင်ဖို့ လာပါတယ်။ ဒီတော့မှ စဉ်းစားမိတာက ဒီအချိုရေဗူးဟာ ဆိုင်ကဝယ်တာ မှန်ပေမယ့် မသမာသူတွေက ဓါတုဗေဒနည်းတွေနဲ့ (ပေါက်ကွဲအောင်) ပြုပြင်ထားတဲ့ ဗူးမျိုးလည်း ဖြစ်နိုင်တာပဲလေ။ မကောင်းသူထိပ် ကောင်းသူထိပ် ကံစမ်းမဲသဘောမျိုး လုပ်ထားရင် မခက်ပေဘူးလား။ အတွေခေါင်တယ်ပဲပြောပြော မောင်မှန် အဲဒီလို အတွေးပေါက်သွားတယ်။ သောက်လည်း သောက်လိုက်မိပြီ၊ တော်ကြာ ဗိုက်ထဲရောက်မှ ပေါက်ကွဲနေရင် ခက်မှာ၊ တွေးနေရင်းနဲ့ပဲ ရှာဖွေရေးလုပ်မယ့် ရဲကိုကိုရှေ့ မောင်မှန်ရောသွားပါပြီ။ ရဲကိုကိုက ယဉ်ယဉ်ကျေးကျေး ပျူပျူငှာငှာပါပဲ။ ရှာပါရစေခင်ဗျာတဲ့။ ရှာပါ ရှာပါပေါ့။ မောင်မှန့်ရင်တွေက တဒိတ်ဒိတ်ခုန်လို့၊ ပေါက်ကွဲစေတက်တဲ့ ဓါတုပစ္စည်းတွေ ဗိုက်ထဲရောက်နေခဲ့ရင်တော့ ရဲကိုကိုရဲ့စက်က အချက်ပြနေတော့မှာပဲပေါ့။ ငါတော့ ဒုက္ခရောက်တော့မလား မသိဘူးပေါ့။ ပေါက်ကွဲတတ််တဲ့ အရည်တွေကို ဝမ်းထဲထည့်လွယ်လာတဲ့ အသေခံဗုံးခွဲသမားဆိုပြီးတော့များ ကမ္ဘာကျော်သွားပြီး ဒုက္ခများတော့မှာလားပေါ့။ အတွေးတွေနဲ့ ဇောချွေးတွေ ပြန်လို့ ရဲကိုကိုက သွားလို့ရပါပြီခင်ဗျာဆိုတာတောင် မောင်မှန် မကြားလို့ နှစ်ခါပြန်ပြောရတယ်။ မောင်မှန့်အဖြစ်များ ပြောပါတယ်။

မောင်မှန်တို့ ပြည်သူတွေက ငယ်ငယ်ကတည်းက ရဲဆိုရင် ကြောက်ပြီးသား။ ဟဲ့ကလေး ငိုနေတာ မတိတ်ရင် ဟိုမှာ ရဲကြီးလာနေပြီ၊ တစ်ခါတည်း ဖမ်းသွားလိမ့်မယ်လို့ လူကြီးတွေကလည်း ခြောက်လှန့်ခဲ့ကြတာကို။ ကြောက်တာပေါ့။ ကိုယ်က မဟုတ်တာ ဘာမှ မလုပ်သော်လည်း ကြီးလာတော့လည်း ကြောက်တာပဲ။ ကိုယ်အင်မတန်ကြောက်တဲ့ ဦးရဲကြီးတွေရှေ့မှာ သတင်းကြီးတဲ့ အချိုရည်ဗူး သောက်ထားပြီး စစ်ဆေးခံရတဲ့အခါ နေစရာကို မရှိတော့ဘူး။

တလောက အင်တာနက်သတင်းလေးတစ်ပုဒ် ဖက်ရတယ်။ အနောက်နိုင်ငံတစ်ခုမှာ လေးနှစ်သားကလေးလေး။ သူ့ကျောင်းက အိမ်စာတွေပေးတာ များလို့တဲ့၊ ရဲစခနး်ကို ဖုန်းဆက်ပြီး အိမ်စာဝိုင်းကူလုပ်ပေးဖို့ အကူအညီတောင်းသတဲ့။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ သတင်းလဲ။ ကလေးက ရဲဆိုတာကို သူ့ကို အကူအညီပေးမယ့် သူတွေလို့ ထင်မြင်ယူဆထားတယ်။ ကောင်းလိုက်တာ သူတို့ဝန်းကျင်ကလည်း ဒါမျိုးပဲကို။

မောင်မှန်တို့များကျ လူကြီးတွေခြောက်ထားလို့ ခုထိကို ရဲဆို ကြောက်လို့၊ မကောင်းလိုက်တာလေ။ ဒီလိုနဲ့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖက်ပွဲနဲ့ စာအုပ်စျေးပွဲထဲ မောင်မှန်   ရောက်ရှိသွားပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required