လူးဝစ္စဗန်ဟားလ်၏ အသင်းထက် ကစားပုံပိုကောင်းလာသည်ဟု မော်ရင်ဟိုပြော

လူးဝစ္စဗန်ဟားလ်၏ အသင်းထက် ကစားပုံပိုကောင်းလာသည်ဟု မော်ရင်ဟိုပြော

ဒီဇင်ဘာ ၅၊ အင်္ဂလန် ။              ။ မန်ယူနည်းပြမော်ရင်ဟိုက သူ၏လက်အောက်တွင် အသင်း၏ကစားပုံမှာ ယမန်နှစ်က နည်းပြလူးဝစ္စဗန်ဟားလ်၏အသင်းထက် ပိုမိုကောင်းမွန်လာကြောင်း ပြောဆိုလိုက်သည်။

အဲဗာတန်ကို သရေကျခဲ့ခြင်းသည် မန်ယူအသင်းအတွက် ယခုနှစ်ရာသီပရီးမီးယားလိဂ်တွင် ခြောက်ပွဲမြောက်သရေပွဲဖြစ်သည်။ လက်ရှိတွင် မန်ယူအသင်းမှာ ရမှတ် ၂၁ မှတ်ရရှိထားပြီး အဆင့် ၆ နေရာတွင် ရပ်တည်နေကာ ထိပ်ဆုံးမှချယ်လ်ဆီးနှင့် ၁၃ မှတ်အထိကွာဟသွားခဲ့ပြီ ဖြစ်သည်။

‘လက်ရှိအသင်းရဲ့ကစားပုံက ပြီးခဲ့တဲ့နှစ်ကအသင်းထက် အများကြီးပြောင်းလဲသွားခဲ့ပါပြီ။ ဒါပေမဲ့ ရလဒ်ကတော့ ခင်ဗျားတို့ တွေ့တဲ့အတိုင်းပါပဲ။ ဟာရဲရားရဲ့ကန်ချက်သာ တိုင်မထိခဲ့ဘူးဆိုရင် ၂-၀ နဲ့ပွဲက ပြီးသွားမှာပါ။

ကျွန်တော့်အသင်းက တကယ်ကစားပုံကောင်းကောင်းနဲ့နောက်တစ်ပွဲ ကစားနိုင်ခဲ့တာပါ။ အိမ်ကွင်းမှာ ပုံစံကောင်းနဲ့ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့သလို အဝေးကွင်းမှာလည်း ပွဲကိုထိန်းချုပ်ပြီး ကစားနိုင်ခဲ့ပါတယ်။

ခြေစွမ်းဆိုးနေရင်တော့ ရလဒ်ဆိုးမှာပါပဲ။ ခြေစွမ်းကောင်းနေရင်တော့ ရလဒ်ကောင်းတွေရနိုင်ပါတယ်။ ကစားပုံကောင်းနေပြီဆိုရင် ဒီထက်ပိုပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။

အဲဗာတန်နဲ့ပွဲမှာ ကစားပုံက အရမ်း၊ အရမ်း၊ အရမ်းကို ကောင်းခဲ့ပါတယ်။ ပြိုင်ဘက်အသင်းကတော့ သရေကျလို့ ပျော်ရွှင်စွာနဲ့ ကွင်းထဲက ထွက်ခွာသွားကြပါတယ်။

လာမယ့် ဇော်ယာနဲ့ ယူရိုပါလိဂ်ပွဲမှာလည်း ဒီပုံစံအတိုင်းဆက်လက်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်’ ဟု မော်ရင်ဟိုက ပြောခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required