ရွေးကောက်ပွဲနှင့် အမျိုးသမီး

ယခုတစ်ပတ် ရွေးကောက်ပွဲနှင့် အမျိုးသမီးကဏ္ဍ အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မသန်စွမ်းသူ အမျိုးသမီးများ အတွက် မဲပေးရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ သတင်းအချက်အလက် ရရှိနိုင်မှု အခြေ အနေများ၊ မသန်စွမ်း အဖွဲ့ အစည်းများက ဆောင်ရွက်ပေးနေသည့် အစီအစဉ်များနှင့် ပတ်သက်ပြီး မသန်စွမ်း အမျိုးသမီးအသင်းမှ ဥက္ကဌ ဒေါ်ငယ်ငယ်အေးမောင်၊ မေရီချက်မင်း နားမကြားသော ကလေးများ ကျောင်းမှ ဆရာမ ဒေါ်အေးမြတ်သူအောင်နှင့် ဒေါ်အေးမြတ်သူအောင် အတွက် စကားပြန်ပြုလုပ်ပေးမည့်  ဆရာမမေသြင်္ကန်ဦးတို့နှင့်  မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။ အစီအစဉ် တင်ဆက်သူမှာ မပျိုးလက်ဟန် ဖြစ်သည်။

ပျိုးလက်ဟန်

မသန်စွမ်းအမျိုးသမီးအသင်းကနေ မသန်စွမ်းအမျိုးသမီးတွေ မဲပေးဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်နေတာရှိသလဲ ဆိုတာကို အမရဲ့ နိုင်ငံတကာအတွေ့အကြုံလေးတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောပေးပါဦးရှင်။

ဒေါ်ငယ်ငယ်အေးမောင်

ကျွန်မ မသန်စွမ်းအမျိုးသမီး အသင်း တစ်ခုတည်းအနေနဲ့ကတော့  လုပ်ဆောင်ဖို့ကို ခဲယဉ်းပါတယ်။ အဲဒါကြောင့် အခြားသော မသန်စွမ်းအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီးတော့မှ မသန်စွမ်းအမျိုးသမီးတွေနဲ့ တစ်ခြားအမျိုးသမီးတွေ မဲပေးခွင့်ကို ပိုမိုရရှိ လာအောင် အတွက်ကို စည်းရုံးလှုံ့ဆော်မှုတွေ အကြံဉာဏ် ပေးထား တာကိုတော့ ကျွန်မတို့ဆောင်ရွက်နေပါတယ်။

မသန်စွမ်းသူတွေ နိုင်ငံတကာမှာ မဲပေးတဲ့ အတွေ့ အကြုံကို ကျွန်မအနေနဲ့ တစ်ခုလောက်ပြောရမယ်ဆိုရင်တော့ မဲဆန္ဒနယ်မြေ မှာရှိနေတဲ့ ရွေးကောက်တင်မြှောက် ခံရမဲ့သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စည်းရုံး လှုံ့ဆော်မှု သူတို့ရဲ့ဟောပြောမှု အဲဒါတွေကို နိုင်ငံတကာမှာဆို တီဗွီကနေပြီးတော့မှ channel တွေကနေ ၂၄ နာရီ လွှင့်ပေးနေ တယ်။

နောက်တစ်ခုက လက်ကမ်းစာစောင်တွေကလည်း တောရော မြို့ပါမကျန် မသန်စွမ်းသူတွေရဲ့ လက်ထဲကိုအရောက်ပို့ပေးတဲ့ system လေးတွေရှိတယ်။ မသန်စွမ်းသူတွေအနေနဲ့ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်ကို မဲပေးရမလဲ။

မဲပေးချင်တဲ့ဆန္ဒရှိသလဲ။ ဘယ်လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်မတို့တိုင်းပြည်အတွက် မသန်စွမ်းသူတွေအတွက်ကို ဘယ်လောက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ပေးမလဲ။ လုပ်ပေးဖို့အစီအစဉ်ရှိသလဲဆိုတဲ့ စည်းရုံး လှုံ့ဆော်မှုတွေပေါ့နော် ကြည့်ပြီးတော့မှ မသန်စွမ်းသူတွေအနေနဲ့ မဲပေးရာမှာ ပိုပြီးတော့အဆင်ပြေတာပေါ့။

ပျိုးလက်ဟန်

ညီမလေးကော ၂၀၁၀ တုန်းက မဲပေးခဲ့ဘူးလား။
အေးမြတ်သူအောင် (စကားပြန်မှ တဆင့် ) -  ရှိပါတယ်တဲ့

ပျိုးလက်ဟန်

မဲပေးဖို့အတွက် ဘယ်လိုသိတာလဲ

အေးမြတ်သူအောင်

အမေနဲ့အဖေနဲ့ အသိပေးခဲ့ပါတယ်တဲ့ အမေနဲ့အတူတူမဲရုံကို သွားခဲ့ပါတယ်တဲ့။

ပျိုးလက်ဟန်

မငယ်ရေ မသန်စွမ်းအမျိုးသမီး မဲဆန္ဒရှင်အနေနဲ့ အထူးလိုအပ်ချက်တွေရှိနေတယ်ဆိုတော့ campaign တွေ စည်းရုံးလှုံ့ဆော်မှုတွေလုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲမျိုးတွေ ရှိနေလဲ ကာယကံရှင်တွေရဲ့ သတိပြုမှု ကရော ဘယ်လောက်ရှိနေလဲ။

ဒေါ်ငယ်ငယ်အေးမောင်

၂၀၁၀ တုန်းကတော့ ကျွန်မအနေနဲ့ ကာယကံရှင်တွေရဲ့သတိပြုမှုကတော့ ၁၅ ရက်တောင် မရှိဘူးလို့ သုံးသပ်ချင်ပါတယ်။ ကျွန်မတစ်ဦးတည်းရဲ့သုံးသပ်မှုပေါ့နော် ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ လွတ်လပ် ပွင့်လင်းလာတဲ့ လူ့အဖွ့ဲအစည်းမှာ ကျွန်မတို့တွေအားလုံးဟာ ပညာပေးမှု အစီအစဉ်တွေလည်း များလာတယ်။

နောက်တစ်ခုကကျတော့ မဲရဲ့အရေးကြီးပုံကို ပိုပြီးတော့ campaign တွေလုပ်လာကြတယ်။ အစိုးရပိုင်းမှာ လုပ်လာတာရှိသလို မသန်စွမ်းအဖွဲ့အစည်းတွေကလည်း လုပ်လာတာရှိလာကြတယ်။ မသန်စွမ်း အမျိုးသမီးတွေလည်း သိတော့သိလာကြပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့မသန်စွမ်းအမျိုးသမီးတွေ အနေနဲ့ ကတော့ ပါဝင်မှုနည်းပါးသေးတယ်။ ဒါကတော့ ကျွန်မတို့ရဲ့ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ မဲပေး တယ်ဆိုတဲ့ concept က အရမ်းကိုဝေးကွာနေတယ်။ အဲ့အတွက်ကြောင့် ၂၀၁၀ ထက်စာ ရင်တော့ ၂၀၁၅ မှာ မသန်စွမ်းအမျိုးသမီးတွေရဲ့ပါဝင်မှု မဲပေးမှုပိုများလာမယ်။ ဒါပေမဲ့ကျွန်မတို့ကျေနပ်အားရလောက်တဲ့ အနေအ ထားတော့ မဟုတ်နိုင်သေးပါဘူး ။

ပျိုးလက်ဟန်

ညီမလေး ၂၀၁၀ ခုနှစ်တုန်းကကော မဲပေးတော့ ဘယ်လိုမျိုးအခက်အခဲတွေရှိခဲ့သလဲ။

ဒေါ်အေးမြတ်သူအောင်

၂၀၁၀ တုန်းက မဲကိုသွားပေးတဲ့အချိန်မှာ မဲရုံကိုရောက်တဲ့အချိန်မှာ ဘယ်သူ့ကိုမဲပေးရမယ်ဆိုတာကို သူမသိခဲ့ပါဘူးတဲ့။ အခက်အခဲတွေရှိခဲ့ပါတယ်တဲ့။

ပျိုးလက်ဟန်

အမရေ  မသန်စွမ်းအမျိုးသမီးမဲဆန္ဒရှင်တွေအနေနဲ့ ဘယ်သူ့ကိုမဲပေးရမယ်ဆိုတာကို မသိနေတဲ့ အတွက် ကြောင့် သူတို့တွေကိုယ်တိုင် လိုလိုချင်ချင်နဲ့မဲပေးလာဖို့ကို ဘယ်လိုကူညီပံ့ပိုးဆောင်ရွက်သင့် သလဲအမ။

ဒေါ်ငယ်ငယ်အေးမောင်

ကူညီပံ့ပိုးမှုကတော့ မဲရုံမှာတာဝန်ကျတော့မယ်ဆိုလို့ရှိရင် မဲရုံမှာတာဝန်ကျမဲ့ပုဂ္ဂိုလ်တွေကို သင်တန်းပေး တယ်လို့ သိရပါတယ်။ အဲ့လိုသင်တန်းပေးမယ်ဆိုလို့ရှိရင် ကျွန်မတို့ မသန်စွမ်းအဖွဲ့အစည်းတွေက မသန်စွမ်း သူတွေရဲ့အရေးကို လုပ်ကိုင်ဆောင် ရွက်နေသော အဖွဲ့အစည်းတွေရှိပါတယ်။ သူတို့တွေကိုခေါ်ပြီးတော့လည်း ဘယ်လိုပုံစံမျိုးလေးတွေနဲ့ မသန်စွမ်းသူတွေကို သိလာအောင်လို့ လွှတ်တော်ကိုယ်စားလှုယ်တွေနဲ့ အကြောင်း ကိုသိလာအောင် ဘယ်လိုပုံစံတွေလုပ်ပေးရမလဲ။

လက်ကမ်းစာစောင်တွေဝေမှာလား။ မီဒီယာတွေက တစ်ဆင့် ဘယ်လိုပုံစံမျိုးနဲ့ဖန်တီးပေးမလဲ။ သို့တည်းမဟုတ် special school တွေရှိတယ် ။ ကျွန်မတို့ဆီမှာ မသန်စွမ်း ကျောင်းတွေရှိတယ်။ ပြန်ကြားအဖွဲ့အစည်းတွေရှိတယ် ။ ရပ်ကွက်တွေမှာလည်း မသန်စွမ်းနေတဲ့သူတွေရှိတယ်။ မသန်စွမ်းအများစုတွေနေတဲ့ဒေသလည်းရှိတယ် ။ မီဒီယာတွေကနေတစ်ဆင့်သွားတာမျိုးတွေ အရပ်ဖက်လူမှု အဖွဲ့အစည်းက ပုဂ္ဂိုလ်မျိုးတွေသွားတာမျိုးတွေလည်းရှိတယ်။ သူတို့တွေနဲ့ အတူတူ မဲဆန္ဒကို ဘယ်လိုပုံစံမျိုး နဲ့ ပေးရမယ် ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့အကြောင်းတွေ ပါတီတွေကကျွန်မတို့တိုင်းပြည်မှာ ဘယ်လောက် ထိအောင် လုပ်ပေးဖို့အတွက်ကို အစီအစဉ်တွေရှိရင်ပေးနိုင်တယ်ဆိုရင် အခက်အခဲလေး တွေကလျော့သွားမှာပါ။

ပျိုးလက်ဟန်

အမရေ မသန်စွမ်းအမျိုးသမီးမဲဆန္ဒရှင်အနေနဲ့ ဘယ်သူ့ကို  မဲပေးရမှန်းမသိတဲ့အခက်အခဲလေးတွေရှိ တယ်ဆိုတော့ ဒီအခက်အခဲတွေမရှိအောင် ဘယ်လိုများကူညီပံ့ပိုးပေးမလဲအမ။

ဒေါ်ငယ်ငယ်အေးမောင်

မြို့နယ်တွေမှာ ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကမှ သူတို့ရဲ့စည်းရုံးလှုံ့ဆော်မှုတွေမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူ လူထုဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ မသန်စွမ်းသူတွေရဲ့အရေးကိစ္စကို ဖွံ့ဖြိုးတိုးတက်လာ အောင်လို့ ဘက်ပေါင်းစုံကနေ ဘယ်လိုပုံစံမျိုးနဲ့ ကူညီပေးမလဲ ဘယ်လိုပုံစံမျိုးတွေနဲ့ အားပေးကြမလဲ။ 

ထောက်ပံ့ပေးကြမလဲ ဆိုတဲ့အချက်အလေးတွေ ပါလာမယ်ဆိုလို့ရှိရင် မသန်စွမ်းသူတွေ မဲပေးရာမှာ ပိုပြီးတော့စိတ်ဝင်စားမှု ရှိမယ်။ မဲပေးမှုပိုပြီးတော့လည်း မဲပေးချင်လာမယ် ။ ကျွန်မတို့ မသန်စွမ်း သူတွေဟာ အမြဲတမ်း အနောက်မှာဘဲနေခဲ့ ရတယ်။ နှစ်ပေါင်းများစွာ ကျွန်မတို့ရဲ့ဓလေ့ထုံးတမ်း အစဉ်အလာ တွေနဲ့ လူပတ်ဝန်းကျင်ရဲ့နောက်မှာ တော်တော်ကိုနေခဲ့ရတယ်။

အဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ကို မဲပေးခွင့်မရှိတဲ့ နိုင်ငံသားတွေလို့ ကျွန်မတို့ခံယူမိကြတယ်။ ကျွန်မတို့မသန်စွမ်းတွေ ကိုယ်တိုင်ကလည်း နိုင်ငံသားအခွင့်ရေး တွေမဆုံးရှုံးရလေအောင် မဲပေးဖို့အတွက်ကို ကျွန်မတိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ ကိုယ်တိုင် အသိပညာဗဟုသုတတွေရှိသင့်တယ်လို့ထင်ပါတယ်။

ပျိုးလက်ဟန်

အမရေမဲပေးမဲ့နေ့မှာကော မသန်စွမ်းသူတွေမဲပေးနိုင်ဖို့အတွက် မဲရုံအနေအထားကကော ဘယ်လိုမျိုးဖြစ်သင့် သလဲ။

ဒေါ်ငယ်ငယ်အေးမောင်

မဲရုံအနေအထားကတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ ဝှီးချဲသုံးတဲ့သူတွေပေါ့နော်။  သူတို့အတွက်ကတော့ အစီအစဉ်ဆွဲနေပါတယ်။ သွားတဲ့နေရာတွေက ၃ ပေအကျယ်အဝန်းရှိရမယ် စားပွဲတစ်ခုနှင့်တစ်ခုကြား ၃ ပေရှိရမယ် ။ ဒါမှဝှီးချဲသမားတွေ လွတ်လပ်စွာနဲ့ ဝှီးချဲကိုမောင်းပြီး မဲပေးလို့ရမယ်။

နောက်မျက်မမြင်တဲ့ သူတွေကိုတော့ ကိုယ့်မိသားစုထဲကဘဲဖြစ်ဖြစ် ရပ်ကွက်မှာဘဲ တာဝန်ကျတဲ့လုပ်အားပေးတွေရှိတယ်။ ကြက်ခြေနီတွေလည်းရှိမယ်။ သူတို့တွေကနေပြီးတော့ ပြောပေးနေမှာပေါ့နော် ။ မျက်မမြင်တဲ့သူတွေ အတွက်ကို ဘယ်နေရာ မှာတော့ မဲပုံးရှိတယ် ။ ဘယ်နေရာမှာတော့ လျို့ဝှက်မဲဆန္ဒခန်းတွေဖြစ်ပါတယ် ဆိုတာကိုပြောပေးမယ်ဆိုရင်တော့ အဆင်ပြေနိုင် ပါတယ်။ နားမကြားတဲ့သူတွေအတွက်ကတော့ ဘယ်နေရာမှာ စာလေးတွေရေးထားလို့ရပါတယ် ။ စာလေးတွေရေးထားရင် ပိုပြီးတော့အဆင်ပြေနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required