တောင်ကိုရီးယားသမ္မတ နုတ်ထွက်ပေးရေး ချီတက်ဆန္ဒပြသူများ သမ္မတအိမ်ပြာတော်နား ပိုနီးကပ်လာ

တောင်ကိုရီးယားသမ္မတ နုတ်ထွက်ပေးရေး ချီတက်ဆန္ဒပြသူများ သမ္မတအိမ်ပြာတော်နား ပိုနီးကပ်လာ

ဆိုးလ်၊ ဒီဇင်ဘာ ၃ ။           ။ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြလျက်ရှိရာ သီတင်းခြောက်ပတ်တိုင်ခဲ့ပြီး ဆိုးလ်မြို့တော်တွင် ဆန္ဒပြသူထောင်ပေါင်းများစွာက သမ္မတအိမ်ပြာတော်သို့ ပိုမိုနီးကပ်ရောက်ရှိကာ ဆန္ဒပြလျက်ရှိသည်။

ယခုဆန္ဒပြမှုမတိုင်မီ အတိုက်အခံပါတီ သုံးပါတီက သမ္မတပတ်ဂွန်ဟေးအပေါ် စွပ်စွဲအပြစ်ယူနိုင်မည့် ဥပဒေကြမ်းတစ်ရပ်အား လွှတ်တော်တင်ခဲ့ကြသည်။ ပတ်ဂွန်ဟေးအနေဖြင့် ဂုဏ်သရေပျက်မှုဖြင့် တာဝန်က နုတ်ထွက်ရမည့် ပထမဆုံး ရွေးကောက်ခံသမ္မတဖြစ်လာနိုင်ဖွယ်ရှိသည်။

လွှတ်တော်ညီလာခံတွင် အမတ် ၃၀၀ အနက် ၁၇၁ ဦး လက်မှတ်ရေးထိုးခဲ့ကြသည့် အဆိုပါ ဥပဒေကြမ်းက သမ္မတ ပတ်ဂွန်ဟေးအနေဖြင့် အာဏာကို အလွဲသုံးစားလုပ်ခြင်းဖြင့် ဖွဲ့စည်းပုံနှင့် ရာဇဝတ်မှုဥပဒေတို့အား ချိုးဖောက်ကြောင်း ရေးသားထားသည်။

ပတ်ဂွန်ဟေး ချက်ချင်းနုတ်ထွက်ပေးရေး တောင်းဆိုကာ ချီတက်ဆန္ဒပြကြသည့်လူအုပ်ကြီးက သမ္မတအိမ်ပြာတော်နှင့် မီတာ ၁၀၀ အကွာအဝေးအတွင်းထိချဉ်းကပ်ရောက်ရှိသည်။

“သူ ဒီနေရာမှာ သမ္မတအဖြစ်နဲ့ ဆက်ရှိနေတယ်ဆို နိုင်ငံတော် ဂုဏ်နွမ်းစရာပါ။ သူ့အနေနဲ့ ချက်ချင်းရာထူးက ဆင်းသင့်ပြီ။”ဟု ဆန္ဒပြသူများကြားက အသက် ၄၃ နှစ်အရွယ် မိခင်တစ်ဦးက ပြောသည်။

သမ္မတပတ်ဂွန်ဟေးသည် သူငယ်ချင်းဖြစ်သူ ချောင်ဆောင်စီအား နိုင်ငံရေးရာများ ဆုံးဖြတ်ရာတွင် ပါဝင်ခြယ်လှယ်နိုင်အောင် ခွင့်ပြုပေးထားကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ရာမှ ယခုကဲ့သို့ ဆန္ဒပြမှုများ
ဖြစ်ပွားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required