မလေးရှားသံရုံးရှေ့ မကွေးကျောင်းတိုက်ဆရာတော် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

မလေးရှားသံရုံးရှေ့ မကွေးကျောင်းတိုက်ဆရာတော် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာလ ၃ ။          ။ မြန်မာနိုင်ငံအပေါ် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်မည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အား မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှု တစ်ခု ဒီဇင်ဘာလ ၃ရက်တွင် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ၊ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားရေးလှုပ်ရှားသော သံဃာတော် ၂၄ ပါးကလည်း ဝန်းရံခဲ့သည်။

" ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းကတော့ မြန်မာပြည်မှာ ၉ လပိုင်း ၂ဝ ရက်နေ့က မောင်တောဒေသ ကျီးကန်း ပြင်စခန်းတွေက နယ်ခြားစောင့်တပ်တွေကို အစွန်းရောက်တွေက တိုက်ခိုက်သွားတယ်။ အဲ့ဒီ တိုက်ခိုက်သွားတဲ့နောက်မှာ ဘုန်းကြီးတို့နိုင်ငံက အကြမ်းဖက်သမားတွေကို ဥပဒေနဲ့ အညီ ဆောင်ရွက်တဲ့အခါမျိုးမှာ ဒါကို မလေးရှားဝန်ကြီးချုပ်တို့၊ အင်ဒိုနီးရှားနိုင်ငံတို့က နေပြီးတော့ သူတို့လူမျိုးတွေကို သတ်ပါတယ်၊ ပြုပါတယ် ဆိုပြီး သူတို့ဘက်ကရပ်တည်ပြီးတော့ မြန်မာနိုင်ငံမှာ ဘောလုံးပွဲမကျင်းပနိုင်အောင်၊ အာဆီယံကနေ ထုတ်ပစ်နိုင်အောင် စသဖြင့် သူတို့ အမျိုးမျိုးပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်နေပါတယ်။ ဘုန်းကြီးတို့ကလည်း ဒီလိုစွက်ဖက်တာတွေကို လုံးဝလက်မခံနိုင်ဘူး " ဟု မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

တစ်ကိုယ်တော်ကြွေးကြော် ဆန္ဒပြကန့်ကွက်ရာတွင် အချက် ၆ ချက်ပါဝင်ခဲ့ပြီး "လူမျိုးအတုအယောင် ရိုဟင်လိမ်များကို ကူညီအားပေးနေသော မလေးရှားဝန်ကြီးချုပ်ကို အလိုမရှိ၊ မြန်မာနိုင်ငံ၏ အလံကို မီးရှို့ခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖိနပ်ဖြင့် နင်းခြင်းတို့အား ပြင်းထန်စွာရှုံ့ချပါသည်" ဟူသော အချက်များကို ကြွေးကြော်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြို့တော်ခန်းမရှေ့၌ မျိုးချစ်မြန်မာပြည်သူများ စုပေါင်း၍ ထပ်မံဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကာ မလေးရှားနိုင်ငံမှ တုန့်ပြန်မှုပေါ်မှုတည်ပြီး ရက်အကန့်အသတ်မရှိ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းဖြစ်ကြောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ မိန့်ကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required