ကျောက်မျက်အရောင်းအဝယ်နှင့် စစ်တပ်အရာရှိတစ်ချို့နှင့် စီးပွားရေးလုပ်ဆောင်ခွင့် ဒဏ်ခတ်ပိတ်ဆို့မှုတစ်ချို့အား အိုဘားမားရုပ်သိမ်း

ကျောက်မျက်အရောင်းအဝယ်နှင့် စစ်တပ်အရာရှိတစ်ချို့နှင့် စီးပွားရေးလုပ်ဆောင်ခွင့် ဒဏ်ခတ်ပိတ်ဆို့မှုတစ်ချို့အား အိုဘားမားရုပ်သိမ်း

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး၌ တိုးတက်အောင် ဖော်ဆောင်နိုင်ခြင်းကြောင့် သမ္မတ အိုဘားမားက ဒဏ်ခတ်ပိတ်ဆို့မှုတစ်ချို့အား ရုပ်သိမ်းကြောင်း ဒီဇင်ဘာ ၂ ရက်က ကြေညာသည်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းကြောင်းကို ဒီဇင်ဘာ ၂ ရက် နေ့လည်ပိုင်းက ကြေညာခြင်းဖြစ်ကာ တစ်ချိန်က အထီးကျန်နိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြောင်းလဲမှုအတွက် သမ္မတ အိုဘားမား၏ အားထုတ်ဖော်ဆောင်မှုများမှ နောက်ဆုံးခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။

ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ အရောင်းအဝယ်နှင့် မြန်မာစစ်တပ်အရာရှိတစ်ချို့နှင့် စီးပွားရေးလုပ်ကိုင်ခွင့်တို့ ပိတ်ဆို့ထားမှုအား ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနှင့် စစ်လက်နက်အရောင်းအဝယ်နှင့် စစ်ရေးပူးပေါင်းမှုများကိုမှု ကွန်ဂရက်လွှတ်တော်က ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ထားဦးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်သို့ စက်တင်ဘာလအတွင်းက အလည်အပတ်ရောက်ရှိစဉ် သမ္မတ အိုဘားမားက ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ကတိကဝတ်ပြုခဲ့သည်။ ပြီးခဲ့သည့်နှစ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်မြင်မှုသည် အမေရိကန်က ရေရှည်ရှောင်ဖယ်ခဲ့သော နိုင်ငံများနှင့် ပြန်လည်ဆက်ဆံရေး သမ္မတအိုဘားမား၏ မဟာဗျူဟာ အောင်ပွဲတစ်ရပ်အဖြစ် အိုဘားမားအစိုးရက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် နိုင်ငံအား စစ်တပ်အုပ်ချုပ်လျက်ရှိသည့် ၁၉၉၀ ခုနှစ်များက ဒဏ်ခတ်ပိတ်ဆို့မှုများ စတင်ချမှတ်ထားချိန်ကထက် ပိုမိုကောင်းမွန်လာကြောင်း အိမ်ဖြူတော်က ပြောသည်။

လူ့အခွင့်အရေးအုပ်စုတစ်ချို့ကမူ ယခုရုပ်သိမ်းမှုက အချိန်စောလွန်းကြောင်း ဆိုသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာဒါရိုက်တာ ဂျွန်ရှစ်တန်က အ့ံသြစရာကောင်းသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောသည်။

မကြာသေးမီက ဖြစ်ပွားသော ရခိုင်ပဋိပက္ခများကို ရည်ညွန်းပြီး “ပြီးခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ခဲ့ဘူးဆိုရင်တောင် အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးဖို့ လိုအပ်သေးတဲ့ အချိန်ပါ။”ဟု ၎င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required