မြန်မာ-ထိုင်းပွဲကစားရန် တစ်ရက်အလိုတွင် လက်မှတ်များ အားလုံးရောင်းကုန်

မြန်မာ-ထိုင်းပွဲကစားရန် တစ်ရက်အလိုတွင် လက်မှတ်များ အားလုံးရောင်းကုန်
ဆူဇူကီးဖလားအုပ်စုပွဲစဉ်များတွင် မြန်မာအသင်းကို အားပေးနေသော ပရိသတ်များ။ (ဓာတ်ပုံ - မေသဇင်လဲ့)

ဒီဇင်ဘာ ၃၊ ရန်ကုန်။               ။ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ကစားမည့် ဆူဇူကီးဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ကစားရန်တစ်ရက် အလိုတွင် လက်မှတ်များအားလုံး   ရောင်းကုန်ခဲ့ပြီ   ဖြစ်သည်။

မြန်မာနှင့်ထိုင်းတို့ကစားမည့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒီဇင်ဘာ ၄ရက်၊ ညနေ ၆ နာရီတွင်ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး လက်မှတ်များကို ဒီဇင်ဘာ ၂ ရက်နှင့် ၃ရက်များတွင် ကြိုတင်ရောင်းချပေးခဲ့ရာ ပွဲမစခင်တစ်ရက်အလို ဒီဇင်ဘာ ၃ ရက်၊ နံနက်ပိုင်းကတည်းက အားလုံးရောင်းကုန်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀၀၄ ခုနှစ်က တစ်ကြိမ်သာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ဖူးရာ ယခုတစ်ကြိမ်မှာ ၁၂နှစ်အတွင်း ပထမဆုံးဆီမီးဖိုင်နယ်ပြန်လည် တက်ရောက်နိုင်ခဲ့သည့်အတွက်   မြန်မာပရိသတ်များ စိတ်ဝင်စားမှုအမြင့်ဆုံး   ရောက်ရှိနေသည်။

မြန်မာနှင့်ထိုင်းအသင်းတို့ကစားမည့် သုဝဏ္ဏကွင်းမှာ ပရိသတ် ၃၂၀၀၀ ဝင်ဆန့်ပြီး လက်မှတ်ခစျေးနှုန်းများမှာ အထူးတန်း ၅၀၀၀၊ ရိုးရိုးတန်း ၃၀၀၀ ကျပ်ဖြစ်သည်။ အဆိုပါပွဲစဉ်အတွက် ထိုင်းအသင်း ပရိသတ်များလည်း လက်မှတ်စောင်ရေ ၁၅၀ ခန့်ဝယ်ယူထားသည်။ မြန်မာအသင်းနှင့်ထိုင်းအသင်းတို့ ဘန်ကောက်မြို့၊ ရာဇမင်္ဂလာကွင်းတွင်ကစားမည့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အတွက်   မြန်မာပရိသတ်များလက်မှတ်ခွဲတမ်း ၁၈၀၀ ခန့်ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly