ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အသစ် အရပ်သားများနှင့် ရွေးချယ်ဖွဲ့စည်းပြီးဖြစ်

ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အသစ် အရပ်သားများနှင့် ရွေးချယ်ဖွဲ့စည်းပြီးဖြစ်
ဓာတ်ပုံ - တင်ရွှေ(မဇ္ဈိမ)
 
 

မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုမြို့နယ် ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အသစ်အား အာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင် အဟောင်းများ လုံးဝမပါဝင်ဘဲ အရပ်သား စစ်စစ်များဖြင့်   ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ရွေးချယ်ရေးကော်မတီမှ သိရှိရသည်။ ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အသစ်အား အများပြည်သူဆန္ဒအတိုင်း ယခင်   ဂေါပကအဟောင်းများ မပါဝင်ဘဲ အရပ်သားစစ်စစ် ၁၉ ဦးဖြင့် နိဝင်ဘာ ၃၀ ရက်နေ့က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ အတည်ပြု ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရွှေစက်တော်ဘုရား ဂေါပကအသစ်ရွေးချယ်တဲ့အခါမှာ မင်းဘူးမြို့မှ (၅)ဦး၊ စကုမြို့မှ (၅)ဦး၊ ငဖဲမြို့မှ (၄)ဦးနဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ရွေးချယ်ထားသူ (၅)ဦး ပေါင်း(၁၉)ဦး အပါအဝင် အရံအနေနဲ့ မင်းဘူး၊ စကုနဲ့ ငဖဲမှ (၂)ဦးစီ ရွေးချယ်ထားပါတယ်။ ဒီနှစ်ဘုရားဂေါပကအဖွဲ့ရွေးချယ်တဲ့အခါ ယခင်နှစ်တွေကလို အာဏာပိုင်တွေ ဌာနဆိုင်ရာတွေ မပါဝင်ဘဲ အများပြည်သူ ဆန္ဒနဲ့အညီ အရပ်သားများကိုသာ ရွေးချယ်တာပါ။

အရံ(၆)ဦးရွေးချယ်ရတာက ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ မလိုက်နာသူတွေ ဖောက်ပျက်သူတွေကို ထုတ်ပယ်ပြီး အစားထိုးခန့်အပ်ဖို့ အဆင်အသင့်ဖြစ်အောင် ရွေးချယ်တာပါဟု   ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အသစ် ရွေးချယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နှစ်စဉ် တပို့တွဲလဆန်း(၅) ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ရွှေစက်တော်ဘုရားပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ဘုရားပွဲတော် ကာလအတွင်း ဘုရားလုပ်ငန်းတင်ဒါများ၊ တည်းခိုဆောင်များ၊ ကားရပ်နားကွင်း၊ ဆိုင်ကယ်စတန်းများ အပါအဝင် အစရှိသဖြင့် ဘုရားဖူးပြည်သူများအတွက် အစစအရာရာ စျေးနှုန်းမြင့်မားသော ပွဲတော်အဖြစ် အများပြည်သူများ၏ အဝေဖန်ခံနေရ၍ ယခုနှစ်တွင် ပြု ပြင်ပြောင်းလဲမှုများ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

“အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများအကြား ရွှေစက်တော်ပွဲတော်ဟာ နှစ်စဉ် နာမည်ဆိုးနဲ့ ကျော်ကြားလျက် ရှိနေတာကြောင့် ဒီနှစ် အစိုးရသစ်လက်ထက်မှာ မကွေးတိုင်းဒေသကြီးအစိုးရအ
ဖွဲ့ကနေ ပြုပြင်ပြောင်းလဲမှုများ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ပြောချင်တာက ရာနှုန်းပြည့် မပြောင်းလဲနိင်တောင် ဒီနှစ် ၈၀ ရာခိုင်နှုန်းလောက် ပြောင်းလဲနိင်အောင် ကျွှန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးစားနေပါတယ်။ လာမယ့် ဘုရားပွဲတော်ရာသီမှာ ဘုရားဖူးမိဘပြည်သူများ အနေနဲ့ စိတ်ချမ်းသာစွာနဲ့ ဘုရားဖူး လှုဒါန်းကုသိုလ်ယူနိင်အောင် ဆောင်ရွက်နေပါတယ် ” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်က ပြောသည်။

“ ဒီနှစ် ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ရွေးချယ်တာ အရင်ကလို အာဏာပိုင်တွေ ဌာနဆိုင်ရာတွေ ဂေါပကအဖွဲ့အဟောင်းတွေ လုံးဝမပါဝင်ဘဲ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အရပ်သား စစ်စစ်တွေကို ရွေးချယ်ပေးလိုက်တာဟာ မကွေးတိုင်းရဲ့ ပြောင်းလဲမှု တစ်ခုလို့ မြင်ပါတယ်။ ပွဲတော်ကာလအတွင်း ဘုရားဖူး ပြည်သူတွေအတွက် အစစ အရာရာ စျေးနှုန်းကြီးတဲ့ပွဲတော်ကနေ အများပြည်သူ စိတ်ချမ်းသာ အေးချမ်းစွာနဲ့ ဘုရားဖူး လှုဒါန်းနိင်တဲ့ ဘုရားပွဲတော် ဖြစ်လာနိင်တယ်လို့ ကျနော်ကတော့ ယူဆပါတယ် ” ဟု ရန်ကုန်မြို့မှ ဘုရားဖူးပို့ဆောင်ရေးယာဉ်ပိုင်ရှင် ဦးပေါ်ဦးကပြောသည်။
ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်အဖြစ် လျှောက်ထားသူ ဦးရေ (၇၀)ဦးကျော်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုက်ရိုက်ရွေးချယ်ခံရသူ ဦးမြင့်သိန်း(မင်းဘူး)၊ဦးမြင်ကြည် (စလင်း)၊ ဦးကိုကိုကြီး(ပွင့်ဖြူ)၊ ဦးလွယ်(ခ)ဦးစံလွင် (စေတုတ္တရာ)၊ ဦးသောင်း (ငဖဲ)နှင့် အရွေးချယ်ခံ ဂေါပကများမှာ မင်းဘူးမြို့မှ ဦးဝင်းချို ၊ ဦးလှမြင့်၊ ဒေါက်တာခင်စိုး၊ ဦးကျော်သန်း၊ ဦးခင်မောင်ဇော်၊ စကုမြို့မှ ဦးခိုင်စိုး၊ ဦးအောင်မျိုးထွန်း၊ ဦးဝင်းသန်း၊ ဦးဝင်းဌေး၊ ဦးသန်းအောင်တို့နှင့် ငဖဲမြို့မှ ဦးအုန်းနိင်၊ ဦးသိန်းလှိုင်၊ ဦးအေးလွင်၊ ဦးအောင်ကြည်တို့ဖြစ်ကြောင်း သိရှိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly