လက်မှတ်ဝယ်ယူရန် တန်းစီနေတဲ့ ပရိသတ်များအား MFF ဥက္ကဋ္ဌ တွေ့ဆုံနှုတ်ဆက်

လက်မှတ်ဝယ်ယူရန် တန်းစီနေတဲ့ ပရိသတ်များအား MFF ဥက္ကဋ္ဌ တွေ့ဆုံနှုတ်ဆက်
(ဓာတ်ပုံ - MFF)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဒီကနေ့မနက် (၇းဝဝ)နာရီက သုဝဏ္ဏကွင်းမှာ ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ကြိုတင်လက်မှတ် ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေတဲ့ ပရိသတ်များကို တွေ့ဆုံနှုတ်ဆက်ပြီး ကျေးဇူးတင် စကားဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များဟာ ကြံုတောင့်ကြံုခဲ စိတ်လှုပ်ရှားစရာ ပွဲစဉ်များဖြစ်တဲ့အတွက် ပရိသတ် အားပေးမှုမှာ မျှော်မှန်းတာထက် အဆမတန် များပြားလာခဲ့တယ်လို့ ဆိုပါတယ်။

"မြန်မာ့လက်ရွေးစင်အသင်းကို အခုလို အားပေးလိုစိတ် အပြည့်ရှိကြတဲ့ ပရိသတ်တွေကို ကျနော့်အနေနဲ့ တကယ့်ကို အထူး ကျေးဇူးတင်ပါတယ်။ ကွင်းဝင်ဆံ့တာက သုံးသောင်း၊ ကွင်းထဲအရောက် အားပေးနေချင်တဲ့ ပရိသတ်က သုံးသိန်းလောက်ရှိတဲ့ အခြေအနေမျိုးဖြစ်နေတာပါ။ ကျွန်တော်တို့ အနေနဲ့ ပရိသတ်တိုင်းကို လက်မှတ် ရစေချင်ပေမယ့်လဲ တကယ်တမ်းတော့ ဝင်ဆံ့မှု ရှိသလောက်ပဲ ရောင်းချပေးနိုင်မှာပါ။ MFF အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်။"လို့ အဖွဲ့ချုပ် ဥက္ကဋ္ဌက ပရိသတ်များနှင့် တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနှင့် ထိုင်း ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပွဲကြိုလက်မှတ်များကို သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် လှည်းတန်း စင်တာတို့တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ လက်မှတ်များအား ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် မြန်မာ့ရုပ်မြင်သံကြား MRTV မှလဲ တိုက်ရိုက်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ချုပ် ဥက္ကဋ္ဌဟာ ပရိသတ်များနှင့် တွေ့ဆုံပြီးနောက် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်မှုများ ပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကိုလည်း သွားရောက်အားပေးခဲ့ပါတယ်။

Ref; Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required