HIV ကူးစက်ခံနေရသော်လည်း မိသားစုဘဝရှိလာတယ်

HIV ကူးစက်ခံနေရသော်လည်း မိသားစုဘဝရှိလာတယ်

HIV ကူးစက်ခံ လိင်အလုပ်သမတွေမှာလည်း မိသားစုဘဝရရှိနိုင်ရန် အခွင့်အရေးရနိုင်ကြောင်း ဒီဇင်ဘာလ ၁ ရက်မှာ ကျရောက်တဲ့ World Aids Days အထိမ်းအမှတ်အဖြစ် UNFPA မှာ ဆောင်းပါးအဖြစ် ဖော်ပြထားတာကို ဘာသာပြန်ဆိုထားတာပါ။

 “အဲဒီကာလတွေက တကယ်ကို ခက်ခဲတယ်။ ၂၀၀၅ မှာ ကျွန်မ အဖမ်းခံရပြီး ထောင်နှစ်နှစ်ကျတယ်။ ထောင်ဆိုတာ တကယ့်ငရဲပါပဲ။ ထောင်ထဲမှာလည်း အခြားထောင်ကျအကျဉ်းသူတွေက ကျွန်မတို့ကို အထင်သေးဆက်ဆံတယ်။ ကျွန်မတို့ဟာ ပြည့်တန်ဆာတွေ ဆိုတော့လေ။ အကြဉ်ခံကြရတယ်။ နောက်ပိုင်းမှာ ကျွန်မ စိတ်ဓာတ်ကျသလို ဖြစ်လာပါတယ် ” လို့ ဆံပင်ကို ခပ်တိုတို ညှပ်ထားတဲ့ အသက်လေးဆယ်အရွယ် မစန်းစန်းအေးက ပြောပါတယ်။ လက်ရှိ ပညာပေးရေး Peer Educator တစ်ဦးအဖြစ် မလုပ်ခင်က လိင်ဖျော်ဖြေမှုပေးရသူတစ်ဦးအဖြစ် ဘဝကြမ်းတမ်းခဲ့ရပုံများကို မစန်းစန်းအေးက ခုလိုပြောပါတယ်။

ထောင်က ပြန်လွတ်လာပြီးနောက်မှာတော့ မစန်းစန်းအေးရဲ့ ဘဝက ပိုဆိုးလာခဲ့ပါတယ်။ အိတ်ချ်အိုင်ဗီပိုး သူ့မှာ ရှိနေတာကို သိလိုက်ရပါတယ်။ “ ကျွန်မ စိတ်ဓာတ်တွေ လုံးလုံး ကျသွားတယ်။ ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ အိမ်တွင်းအောင်းနေတယ်။ ဧည့်သည်တွေလည်း အတွေ့မခံတော့ဘူး။ တစ်လလုံးလုံး ငိုပြီးရင်း ငိုနေမိတယ် ” လို့ သူက ပြောပါတယ်။ ဒါပေမယ့် ရှေ့ဆက်ရမယ့် လမ်းကို တွေ့လိုက်ရပါတယ်။ NGO တစ်ခုက ART ကုထုံးကို ခံယူခဲ့ပြီးနောက်မှာ Peer Educator တစ်ဦးအဖြစ် ဆောင်ရွက်လာပါတယ်။ မစန်းစန်းအေးရဲ့ဘဝက အကောင်းဖက်ကို ပြောင်းလဲခဲ့ပါတယ်။ အကောင်းဖက်သို့ ဘဝကိုပြောင်းလဲလာတဲ့ သူ့အပေါ် နားလည်တဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ Peer Educator ဆိုတာက ဘဝတူချင်းပညာပေးလမ်းညွှန်နေသူကို ဆိုလိုတာပါ။

လက်ရှိမှာ မစန်းစန်းအေးက Myanmar Anti-Narcotic Association (MANA) မှာ Peer Educator တစ်ဦးအနေနဲ့ လုပ်ကိုင်နေတာ လေးနှစ်လောက်ရှိနေပါပြီ။ United Nations Population Fund (UNFPA) က ရန်ပုံငွေ မတည်တဲ့ MANA ရဲ့ HIV Prevention Project အိတ်ချ်အိုင်ဗီ ကာကွယ်ရေးစီမံချက်မှာ လုပ်ကိုင်နေပါတယ်။ စီမံချက်၏ လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ အိတ်ချ်အိုင်ဗီကာကွယ်ရေး၊ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေးတို့ကို ချည်းကပ်ပညာပေးကြခြင်းဖြစ်ပါတယ်။ အမျိုးသမီးလိင်လုပ်သားတွေလို အုပ်စုတွေအတွက် အဓိကဖြစ်တဲ့ ကုသမှုနဲ့ စောင့်ရှောက်မှုအနေနဲ့လည်း မရည်ရွယ်ဘဲ ကိုယ်ဝန်ဆောင်ရမှု လျှော့ချရေး၊ မီးမဖွားမီ၊ မီးဖွားပြီးနှင့် မီးဖွားပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်ပေးရေးနဲ့ ART ကုထုံးတွေ ပါဝင်ပါတယ်။

မိသားစုစီမံကိန်း၊ မိခင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိတ်ချ်အိုင်ဗီတားဆီးရေးတို့အပါအဝင် လိင်လုပ်သားတွေကို လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဝန်ဆောာင်မှုတွေပေးဖို့အတွက် ချည်းကပ်ပညာပေးရေးက ခိုင်မာတဲ့ကျန်းမာရေးစနစ်အတွက် အထောက်အပံ့ပဲဖြစ်ပါတယ်။ “ ဒီစီမံချက်ဟာ ဆင်းရဲနုံချာတဲ့၊ ရောဂါဖြစ်နိုင်ခြေများတဲ့၊ ပြီးတော့ ဝေးလံတဲ့ဒေသတွေမှာ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုနဲ့ အိတ်ချ်အိုင်ဗီ တားဆီးကာကွယ်ရေးနဲ့ ကုသရေးဝန်ဆောင်မှုတွေကို ရရှိစေမှာဖြစ်ပါတယ် ” ဟု UNFPA HIV and AIDS Program မှ တာဝန်ရှိသူ ဒေါက်တာ နီနီခိုင်က ပြောပါတယ်။

မစန်းစန်းအေးကလည်း “ထုံးစံလိုဖြစ်နေတာကတော့ အမျိုးသမီးလိင်အလုပ်သမတွေကို အပျော်အပါးအတွက် ဖျော်ဖြေစရာလိုပဲ သဘောထားနေကြတာပါ။ အခု ဒီသဘောထားတွေကို ပြောင်းလဲသင့်ပါပြီ။ အမျိုးသမီးလိင်အလုပ်သမတွေမှာလည်း ခံစားချက်တွေ ရှိပါတယ်။ သူတို့ကလည်း နှာခေါင်းပေါက်နဲ့ အသက်ရှုနေတာပဲ။ ဘဝရှိတယ်။ အိမ်ထောင်ပြုသားမွေးတယ်။ ပြီးတော့ အခြားသူတွေလို သေရတယ် ” လို့ ပြောပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်အပျော်မယ်ဖြစ်နေသူလေးတစ်ဦးကို ဘယ်လိုကူညီနေတယ်ဆိုတာလည်း မစန်းစန်းအေးက ပြောပါတယ်။

“အဲဒီမိန်းကလေးက ရန်ကုန်မြို့ပြင်ကပါ။ အရင် အိမ်ဖော်လုပ်ခဲ့ရတယ်။ အိမ်ရှင်က သားမယားပြုကျင့်တာ ခံရတယ်။ နောက်ပိုင်းမှာ အိတ်ချ်အိုင်ဗီရှိနေတဲ့ ပြည့်တန်ဆာဘဝ ရောက်ခဲ့တယ်။ ကျွန်မ သူကိုတွေ့တော့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေး၊ အိတ်ချ်အိုင်ဗီရောဂါအကြောင်းနဲ့ အခြေခံလူ့အခွင့်အရေးအကြောင်းတွေကို ကျွန်မသိသမျှ ပညာပေးဝေမျှတယ်။ ခုဆို ဒီမိန်းကလေးက ပိုပြီးကောင်းကောင်းမွန်မွန်ဖြစ်လာတယ်။ ဒါပေမယ့် အခြားလိင်အပျော်မယ်တွေ အများစုအတွက် အသိပညာပေးဖို့ လိုအပ်နေတယ်။ အကူအညီတွေ လိုအပ်နေတယ်။ သူတို့ကို ကူညီသွားဖို့ ကျွန်မ အမြဲအသင့်ရှိနေတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့လေးတွေလည်း လူလိုသူလို ဖြစ်စေချင်လို့ပဲ ” လို့ မစန်းစန်းအေးက ပြောခဲ့ပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly