“ ရွေးကောက်ပွဲ တရားမျှတမှု မရှိဘူးဆိုတာ သက်သေ ပြနိုင်ပြီ ”

“ ရွေးကောက်ပွဲ တရားမျှတမှု မရှိဘူးဆိုတာ သက်သေ ပြနိုင်ပြီ ”

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စပြီး ကြေညာစဉ်ကတည်းက အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်ကောင်း လွတ်လပ်နိုင်မယ်၊ ဒါပေမယ့် တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ အကြောင်းကတော့ ဒီ ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတာဖြစ်ပြီး ဖွဲ့စည်းပုံထဲမှာ မျှတမှု မရှိတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေလို့ပါပဲ။ ထင်ရှားတဲ့ ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတာဝန် ထမ်းဆောင်ခွင့်မရအောင် တားမြစ် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ)၊ နိုင်ငံရဲ့ အထွဋ်အထိပ် သမ္မတကို ရွေးချယ်ရာမှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းကပါ ဝင်ရောက် မဲပေးရွေးချယ်မယ့် ပုဒ်မ ၆၀ ပြဋ္ဌာန်းချက်တွေပဲ ဖြစ်ပါတယ်။ အခု အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား ပြစရာတွေ ပေါ်ထွက်လာပြီမို့ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

ပုဒ်မ ၅၉(စ) မပြင်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရတဲ့ ကိစ္စကတော့ အားလုံး သိကြ ပြီးဖြစ်ပါတယ်။ နောက်ထပ် မမျှမတ ဖြစ်မယ့် ကိစ္စကတော့ ပါတီတစ်ခုနဲ့ တစ်ခုအကြား မျှတမှု မရှိတဲ့ ပြဿနာ ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ ရွေးကောက်ပွဲအပြီး ရလဒ်တွေကို အကောင်အထည်ဖော်ရာမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ အင်န်အယ်လ်ဒီ ပါတီ မညီမမျှ ဖြစ်နေပုံကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲဟာ လွှတ်တော် သုံးခုအတွက် ဥပဒေပြုအမတ်တွေကို ရွေးချယ်ပေးရတဲ့ ရွေးကောက်ပွဲဖြစ်ပေမယ့် အဲဒီ အမတ်တွေထဲကမှ ပြည်ထောင်စုအဆင့် အမတ်တွေဟာ တိုင်းပြည်ကို အုပ်ချုပ်မယ့် တိုင်းပြည်ရဲ့ အထွဋ်အထိပ် သမ္မတ တစ်ယောက်ကိုလည်း ရွေးချယ်ပေးရမှာမို့ သွယ်ဝိုက်တဲ့ နည်းနဲ့ ကျင်းပတဲ့ သမ္မတ ရွေးချယ်ပွဲလို့ ဆိုရင်လည်း မမှားပါဘူး။ လက်ရှိ ပါတီကြီးတွေဟာ အဲဒီ ရည်မှန်းချက် အောင်မြင် ပေါက်မြောက်ဖို့ ကြိုးစားနေကြတာကိုလည်း တွေ့နိုင်ပါတယ်။ ရွေးကောက်ပွဲအပြီး ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်တွေနဲ့ အမျိုးသားလွှတ်တော် အမတ်တွေဟာ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပေးတဲ့ တပ်မတော်သား အမတ်တွေနဲ့ ပူးပေါင်းပြီး ပြည်ထောင်စု အဆင့် လွှတ်တော်နှစ်ရပ်ကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ် အစုအဖွဲ့၊ အမျိုးသား လွှတ်တော် အမတ် အစုအဖွဲ့နဲ့ လွှတ်တော်နှစ်ရပ်မှာပါမယ့် တပ်မတော်သား အမတ် အစုအဖွဲ့တွေဟာ ဒုသမ္မတလောင်း တစ်ယောက်စီ ရွေးချယ်တင်မြှောက်ပေးရပါမယ်။ ဒီ အထိတော့ ပြဿနာ မရှိသေးပါဘူး။ အဲဒီ ဒုသမ္မတ(၃) ယောက်ထဲကမှ သမ္မတ တစ်ယောက်ကို တပ်မတော်သား အမတ်တွေအပါအဝင် အမတ်အားလုံးက မဲပေး ရွေးချယ်ရမယ် ဖြစ်ပါတယ်။ တကယ်တော့ တပ်မတော်သား အမတ်တွေဟာ ပြည်သူတွေက မဲပေး ရွေးချယ် ထားသူတွေ မဟုတ်ပါဘူး။ ဒီအတွက် တပ်မတော်သား အမတ်တွေနဲ့ ပူးပေါင်းနိုင်တဲ့ ပါတီဟာ သမ္မတ ရွေးချယ်ရာမှာ လုံး၀ အသာစီးရမယ် ဆိုတာကတော့ ပြောဖို့တောင် မလိုတဲ့ ကိစ္စပါ။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ တပ်မတော်သား အယောက် ၁၄၀ ကျော်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်ခိုင်ဖြိုး တာဝန်ရှိသူတွေကို စာရင်းပေးထားပြီးပြီလို့ ဆိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီဘက်ကတော့ ၅၇ ယောက် ရွေးချယ်ထားပြီး နောက်ထပ် စိစစ်နေဆဲလို့ ဆိုပါတယ်။ အဓိပ္ပာယ် ကတော့ ဒီအချက်အလက်အရ ပြည်ခိုင်ဖြိုးပါတီဆိုတာဟာ တပ်မတော်နဲ့ မဟာမိတ်လုပ်ထား ပူးပေါင်းထားတဲ့ ပါတီလို့ တိတိကျကျ ဆိုနိုင်ပါတယ်။ တပ်မတော်နဲ့ မဟာမိတ်ပါတီ ဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုး ပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့်အတွက် အမတ်နေရာ ၃၄ ရာခိုင်နှုန်းလောက်ကို အနိုင်ရ အောင် ကြိုးစားလိုက်ရုံနဲ့ လွှတ်တော် စတင်ချိန်မှာ တပ်မတော်သား အမတ်တွေနဲ့ပေါင်းပြီး သမ္မတ တစ်ယောက်ကို လွတ်လွတ်ကျွတ်ကျွတ် တင်မြှောက်ခွင့် ရစေမှာ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို ပါတီမျိုးကတော့ တပ်မတော်နဲ့ မဟာမိတ် လုပ် မထားတဲ့အတွက် ဒီ အခွင့်အရေးမျိုး မရနိုင်ပါဘူး။ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့်အတွက် အမတ် နေရာ ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ရင်တောင် လွှတ်တော်ထဲ ရောက်သွားတဲ့အခါ တပ်မတော်သား အမတ် တွေ ပါဝင်လာမှာမို့ အများစု မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် သမ္မတ တစ်ယောက် တင်မြှောက်နိုင်ရေး မလွယ် ကူနိုင်ပါဘူး။ ကြိုတင် တွက်ချက်ထားတဲ့ ကိန်းဂဏန်းတွေအရ အင်န်အယ်လ်ဒီ ပါတီဟာ ရွေးကောက်ပွဲမှာ ၆၇ ရာခိုင်နှုန်းကျော် အနိုင်ရမှသာလျှင် လွတ်လွတ်ကျွတ်ကျွတ် သမ္မတ တစ်ယောက် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတောင် မဲဆန္ဒနယ်မြေ အားလုံးမှာ ပုံမှန်အတိုင်း ရွေးကောက်ပွဲ ကျင်းပဖို့ လိုပြီး၊ တကယ်လို့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေ ရှိခဲ့ရင် ဒီထက် ရာခိုင်နှုန်း ပိုပြီး အနိုင်ရဖို့ လိုအပ်ပါတယ်။

ပြောရရင် ရွေးကောက်ပွဲ တစ်ခု ကျင်းပတယ်။ ပြည်ခိုင်ဖြိုးလို ပါတီက ၃၄ ရာခိုင်နှုန်းလောက် အနိုင်ရ ရုံနဲ့ သမ္မတ ရွေးချယ်နိုင်၊ အစိုးရ ဖွဲ့နိုင်ပေမယ့် အင်န်အယ်လ်ဒီလို ပါတီမျိုးအတွက်ကတော့ ၆၇ ရာခိုင်နှုန်း လောက် နိုင်မှ သမ္မတ တင်နိုင်၊ အစိုးရ ဖွဲ့နိုင်မှာ ဖြစ်လေတော့ အတော်လေးကို မမျှတတဲ့ ရွေးကောက်ပွဲဖြစ်နေ ပါကြောင်း၊ ခုအခါ အဲလို မမျှတနိုင်ဘူးဆိုတဲ့ သက်သေ အထောက်အထားတွေ ထင်ထင်ရှားရှား ပေါ်ထွက်လာ ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required