မြန်မာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြောင့် ကြီးကြီးမားမား ထိခိုက်နေဟု တရုတ်သတင်းစာရေး

မြန်မာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြောင့် ကြီးကြီးမားမား ထိခိုက်နေဟု တရုတ်သတင်းစာရေး
ဓာတ်ပုံ-EPA
 

(တရုတ်နိုင်ငံ၏ အာဘော်ဖြစ်သော Global Times သတင်းစာတွင် မြန်မာနိုင်ငံက လက်နက်ကိုင်များကြောင့် အကြီးအကျယ် ထိခိုက်နေရသည်ဟု ခေါင်းတပ်ကာ ရေးသားဖော်ပြလာသည်။ အဆိုပါ တရုတ်အစိုးရ အာဘော်တွင် Myanmar rebels cause great expense to China ဟူသည့် ခေါင်းစဉ်ဖြင့်ဖေါ်ပြထားသည်ကို ဆီလျော်အောင် ဘာသာပြန်ဆိုဖေါ်ပြခြင်းဖြစ်ပြီး မဇ္ဈိမ၏ အာဘော်မဟုတ်ပါ။)

မြန်မာအစိုးရအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနေသော်လည်း AA တပ်ဖွဲ့၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု MNDAA တို့က ပါဝင်ခြင်းမရှိ၍ ရည်မှန်းရာ ပန်းတိုင်ကို လက်မလှမ်းနိုင်ဘဲ ရှိနေကြောင်း ဖော်ပြနေသည်။

အဆိုပါ အဖွဲ့သုံးဖွဲ့က တိုက်ခိုက်မှုများ လုပ်ဆောင်၍ မြန်မာစစ်တပ်နှင့် နိုဝင်ဘာ ၂၀ မှစကာ တိုက်ပွဲများ ဖြစ်ပွားလာသည်။ အမြင်အားဖြင့် ကချင်လွတ်လပ်ရေးတပ်အပေါ် စစ်တပ်၏ တိုက်ခိုက်မှုများက AA(AA အား KIA က မွေးဖွားပေးသည့် တပ်အဖြစ် ဆောင်းပါးတွင် ဖော်ပြထား)၊ TNLA နှင့် MNDAA တို့အတွက် ကျောမလုံစရာ ဖြစ်စေသည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တပ်မတော်ကြားက ပဋိပက္ခများက အမှန်တကယ် ရှုပ်ထွေးသည်။

မြန်မာစစ်တပ်အပေါ် တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်တုံ့ပြန်တိုက်ခိုက်မှုများက ၎င်းတို့၏ အခွင့်အာဏာနှင့် တည်ရှိမှုကို ဖော်ပြနေခြင်းဖြစ်သည်။ အထက်ပါ အဖွဲ့သုံးဖွဲ့အနေဖြင့် ၎င်းတို့၏ အာဏာစက်ကို ပိုမိုတောင့်တင်းခိုင်မာ လိုနေပြီး နောက်ပိုင်းအစိုးရနှင့် ညှိနှိုင်းမှုများတွင် တန်းတစ်ခုက ရပ်တည်နိုင်လိုခြင်းဖြစ်သည်ဟု တရုတ်အာဘော်သတင်းစာက ဆိုသည်။

သို့သော်လည်း တိုက်ပွဲများကြောင့် လက်ငင်းအကျိုးဆက်က တရုတ်နိုင်ငံတွင်းသို့ မြန်မာ စစ်ဘေးရှောင်များ စီးဝင်လာခြင်းပဲဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်က မြန်မာပြည်သူ ၃၀၀၀ ကျော်ထက်မနည်း တရုတ်နိုင်ငံတွင်း ခိုလှုံရောက်ရှိလာသည်။ လုံခြံုရေးစိုးရိမ်မကင်းလည်း ဖြစ်လာစေသည်။ ပုံမှန်နယ်စပ် ကုန်သွယ်ရေးကို ထိပါးခံနေရသည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ မဆင်မခြင်တိုက်ခိုက်မှုများကြောင့် နယ်စပ်ဒေသ၏ လုံခြံုရေး မသေချာမှုများ ပိုမိုကြီးထွားလာတော့ကြောင်း တရုတ်သတင်းစာက ဆိုထားသည်။

ရေရှည်အားဖြင့်လည်း မြန်မာစစ်တပ်နှင့် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်များကြား ပဋိပက္ခများသည် ဒေသတွင်း တရုတ်၏ အကျိုးစီးပွားကို ကြီးထွားလျော့ပါးစေသည်။ အကြီးဆုံး ဆုံးရှုံးနေမှုတစ်ရပ်က မြစ်ဆုံဆည်တည်ဆောက်ရေး ဖြစ်သည်ဟု Global Times သတင်းစာက ဆိုလာခဲ့သည်။ မြန်မာအစိုးရနှင့် KIA ကြားက ပဋိပက္ခကြောင့် စီမံကိန်းကို ငါးနှစ် ရပ်ဆိုင်းခံရသည်ဟု ယင်းသတင်းက ဆိုထားသည်။

KIA က ၎င်းတို့၏ နယ်မြေအတွက် တရုတ် စီမံကိန်းကို အရေးဆိုလာသည်။ ဧရာဝတီမြစ်အတွင်း တရုတ်ကုမ္ပဏီက ဆည်တည်ဆောက်နေခြင်းများ ရပ်အောင် တည်ဆောက်ရေးနေရာများ အတွင်းနှင့် ဝန်းကျင်တွင် KIA က မိုင်းများ ထောင်လာပြီး မြန်မာအစိုးရက စေလွှတ်သော မိုင်းရှင်းတပ်ဖွဲ့များကိုလည်း ခြံုခိုတိုက်ခိုက်သည်။ ၂၀၁၃ ခုနှစ်ကလည်း ရှမ်းပြည်နယ်ရှိ ပြောက်ကျားတပ်များက တရုတ်-မြန်မာ ပိုက်လိုင်းကို ဖျက်ဆီးခဲ့သည်။ ထိုအပြုအမူများမှာ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများက တရုတ်ရင်းနှီးမြုပ်နှံမှုများကို  အကြီးအကျယ် ထိခိုက်နေစေသည်ဟု ယင်းအာဘော်က ရေးသားသည်။ မြစ်ဆုံကဲ့သို့သော စီမံကိန်းများ ရပ်ဆိုင်းရခြင်းသည် တရုတ်အတွက် ငွေယိုပေါက်ကြီးပင်ဖြစ်ကြောင်း ရေးသားထားသည်။

ပြောရလျှင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ပဋိပက္ခများသည် တရုတ်၏ ပိုးလမ်းမသစ်ကြီးစီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြ ံလမ်း တည်ဆောက်ရေးအတွက်လည်း ခလုတ်ကန်သင်းဖြစ်သည်။ မြန်မာနိုင်ငံက အရှေ့တောင်အာရှနှင့် တောင်အာရှ လမ်းဆုံဖြစ်ကာ တရုတ်အနောက်တောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးသည့် အလွန်အရေးပါသော လမ်းကြောင်းဖြစ်ကာ အနာဂတ်တွင် တရုတ်၏ စွမ်းအင်လုံခြံုရေးအတွက်လည်း မရှိမဖြစ်ပင်ဖြစ်သည်။

သို့သော်လည်း မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ရေရှည်ပဋိပက္ခများက တိုင်းရင်းသားလက်နက်ကိုင်များကို အကူအညီအမျိုးမျိုးပေးနေသော အမေရိကန်နှင့် ဂျပန်ကဲ့သို့သော ပြင်ပသြဇာများကြောင့်လည်း ပိုမိုရှုပ်ထွေးလာခဲ့သည်ဟု အဆိုပါ အာဘော်တွင် လက်ညိုးထိုးထားသည်။ တိုင်းရင်းသားလက်နက်ကိုင်များက လိုအင်စိတ်များ ပိုကြီးထွားလာပြီး မြန်မာစစ်တပ်နှင့် အန္တရာယ်များသော ကစားပွဲကို ကစားလျက် အဆမတန်သော လိုအင်များကို တောင်းဆိုနေသည်။ ၎င်းတို့ရဲ့ အခြေအနေမှန် သုံးသပ်နိုင်မှု ချို့ငဲ့ခြင်း၊ ကိုယ်ကျိုးအကျိုးစီးပွားနှင့် အလောတကြီးမဆင်မခြင်ပြုလုပ်ခြင်းများကြောင့် တရုတ်-မြန်မာဆက်ဆံရေးအတွက် မရေရာမှုများစွာကို ဖြစ်ပွာလာစေလိမ့်မည်ဖြစ်သည်ဟု ယင်းအာဘော်က သတိပေးရေးသားသည်။

တရုတ်၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နိုင်မှုများကြောင့် တရုတ်နိုင်ငံအနေဖြင့် ထိခိုက်မှုကို ဟန့်တားထိန်းချုပ်ရန် အစပျိုးလုပ်ဆောင်ရမည်သာဖြစ်ကြောင်း၊ တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာနိုင်မှု မှန်သမျှကို တားဆီးဆန့်ကျင်ရန် တရုတ်နိုင်ငံ၏ နယ်ခြားတပ်နှင့် ဌာနေဥပဒေရေးရာအဖွဲ့များက အစောင့်အရှောက်ပြုရာ နယ်စပ်နယ်မြေများတွင် ပိုမိုအင်အားပြုလာမည်ဖြစ်ကြောင်းလည်း ယင်းအာဘော်တွင် ရေးသားထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး ခိုင်မြဲနေရမည်ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း စေ့စပ်ရေးစားပွဲဝိုင်းသို့ ပြန်ကြရန် တိုက်တွန်းကြောင်း Global Times အာဘော်က ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required