ဆူဇူကီးအုပ်စုအဆင့် အကောင်းဆုံးအသင်းနှင့် ဂိုးများစာရင်းတွင် မြန်မာကစားသမားများပါဝင်

ဆူဇူကီးအုပ်စုအဆင့် အကောင်းဆုံးအသင်းနှင့် ဂိုးများစာရင်းတွင် မြန်မာကစားသမားများပါဝင်

နိုဝင်ဘာ ၂၉၊ ရန်ကုန်။            ။ ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များအပြီးတွင် ရွေးချယ်ခဲ့သော အကောင်းဆုံးအသင်းလူစာရင်းနှင့် အကောင်းဆုံးသွင်းဂိုး ၁၀ ဂိုးတွင် မြန်မာကစားသမားများနှင့် သွင်းယူခဲ့သော ဂိုးများပါဝင်ခဲ့သည်။

ဆူဇူကီးပြိုင်ပွဲအုပ်စုပွဲစဉ်များအပြီး ရွေးချယ်ခဲ့သော အကောင်းဆုံးအသင်းတွင် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းနောက်ခံလူ ဇော်မင်းထွန်းနှင့် တိုက်စစ်မှူး အောင်သူတို့ပါဝင်နေသည်။ အဆိုပါအကောင်းဆုံးအသင်းကို AFF Suzuki Cup တရားဝင်ဝက်ဘ်ဆိုက်၊ ကမ္ဘာကျော်ဘောလုံးဝက်ဘ်ဆိုက်ဖြစ်သော Goal.com တို့မှ ရွေးချယ်ခြင်းဖြစ်ပြီး ရွေးချယ်မှုနှစ်ခုစလုံးတွင်   မြန်မာကစားသမားများပါဝင်နေသည်။ အုပ်စုအဆင့် အကောင်းဆုံးအသင်းလူစာရင်းတွင် ထိုင်းအသင်းမှ သုံးဦး၊ ဗီယက်နမ်၊ စင်ကာပူ၊ မြန်မာနှင့် အင်ဒိုနီးရှားအသင်း တို့မှ နှစ်ဦးစီပါဝင်နေသည်။

၂၀၁၆ ဆူဇူကီးဖလား အုပ်စုအဆင့်အကောင်းဆုံးသွင်းဂိုး ၁၀ ဂိုးတွင်လည်း ဇော်မင်းထွန်း၊ ဒေးဗစ်ထန်း၊ အောင်သူ တို့သွင်းဂိုးများပါဝင်သည်။ ကမ္ဘောဒီးယားနှင့်ပွဲတွင် ဇော်မင်းထွန်းသွင်းယူခဲ့သောဂိုး၊ မလေးရှားနှင့်ပွဲတွင် ဒေးဗစ်ထန်းသွင်းယူခဲ့သောဂိုး၊ ဗီယက်နမ်နှင့်ပွဲတွင် အောင်သူသွင်းယူခဲ့သော ဂိုးများမှာ အကောင်းဆုံး ၁၀ ဂိုးစာရင်းတွင် အရွေးခံခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် အောင်သူမှာ အုပ်စုပွဲစဉ်များအပြီး သွင်းဂိုးနှစ်ဂိုးဖြင့် ဒုတိယသွင်းဂိုးအများဆုံးကစားသမား၊ နန္ဒကျော်က ဖန်တီးမှုနှစ်ကြိမ်ဖြင့် ဂိုးဖန်တီးမှုအကြိမ်အများဆုံး ကစားသမားစာရင်းတွင် ဒုတိယနေရာများ၌ အသီးသီးရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly