ကြက်ငှက်တုပ်ကွေးကြောင့် ဂျပန်တွင် ကြက်ဘဲ ကောင်ရေ သုံးသိန်းကျော်အား သုတ်သင်

ကြက်ငှက်တုပ်ကွေးကြောင့် ဂျပန်တွင် ကြက်ဘဲ ကောင်ရေ သုံးသိန်းကျော်အား သုတ်သင်

တိုကျို၊ နိုဝင်ဘာ ၂၉ ။              ။ ဂျပန်နိုင်ငံ မြောက်ပိုင်း မွေးမြူရေးခြံများတွင် ကြက်ငှက်တုပ်ကွေးကူးစက်မှုလက္ခဏာများ တွေ့၍ ကြက်နှင့် ဘဲကောင်ရေ သုံးသိန်းကျော်ထက်မနည်းကို သုတ်သင်ရှင်းလင်းနေရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ဂျပန်နိုင်ငံအတွင်း နှစ်နှစ်နီးပါးအတွင်း ကြက်ငှက်တုပ်ကွေး ပထမဆုံးကူးစက်ခြင်းဖြစ်သည်။

တိုကျိုမြောက်ပိုင်း နီကာတာပြည်နယ်တွင် ငှက်ကောင်ရေ ၄၀ ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးကြောင်း တွေ့ရှိပြီးနောက် စီကီကာဝါကျေးရွာရှိ မွေးမြူရေးခြံတစ်ခြံမှ ကြက်ဘဲကောင်ရေ ၃၁၀၀၀၀ ကို နိုဝင်ဘာ ၂၉ ရက်၌ စတင်သုတ်သင်ရှင်းလင်းခြင်းဖြစ်ကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ရိုက်တာသို့ ဖုန်းဖြင့် ပြောသည်။

ဒီဇင်ဘာ ၂ ရက်အထိတိုင် သုတ်သင်မှုကို ပြုလုပ်သွားရမည်ဖြစ်ကြောင်း ယင်းအရာရှိက ဆိုသည်။

အိုမိုရီပြည်နယ် မြောက်ဖက်စွန်းတွင် ကြက်ငှက်တုပ်ကွေးတွေ့ရှိမှုကြောင့် ဘဲကောင်ရေ ၁၆၅၀၀ ကို သုတ်သင်ရှင်းလင်ခဲ့ရကြောင်း ယင်းပြည်နယ်ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ ပြည်နယ်အတွင်း ကြက်ငှက်တုပ်ကွေးကြောင့် များများစားစား သုတ်သင်ရမှု ပထမဆုံးအကြိမ်လည်းဖြစ်ကြောင်း ဆိုသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနက ဂျပန်ရှိ မွေးမြူရေးခြံများတွင် နှစ်နှစ်နီးပါးအတွင်း ကြက်ငှက်တုပ်ကွေး ကျရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုသို့ ရောဂါကျရောက်သည့် သတင်းများနှင့်အတူ ကူးစက်မှုထိန်းချုပ်ရေးဆေးဝါးပစ္စည်းများ ထုတ်လုပ်သည့် Taiko Pharmaceutical Co ကုမ္ပဏီ ရှယ်ယာများ ၃ ဒဿမ ၂ ရာခိုင်နှုန်း ထိုးတက်သွားသကဲ့သို့ မျက်နှာစည်းထုတ်လုပ်သည့် Daiwabo Holdings ၏ ရှယ်ယာများလည်း ၅ ဒဿမ ၁ ရာခိုင်နှုန်း တက်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required