ပဏာမမြန်မာယူ ၁၈ အသင်း တရုတ်နိုင်ငံသို့ ရက်(၂၀)ကြာခန့် သွားရောက် ပူးတွဲလေ့ကျင့်မည်

ပဏာမမြန်မာယူ ၁၈ အသင်း တရုတ်နိုင်ငံသို့ ရက်(၂၀)ကြာခန့် သွားရောက် ပူးတွဲလေ့ကျင့်မည်
(ဓာတ်ပုံ - MFF)

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အသီးသီး ကျင်းပမယ့် ၂၀၁၇ အာဆီယံ အသက် (၁၈)နှစ်အောက်ဘောလုံးပြိုင်ပွဲနှင့် ၂၀၁၈ အာရှ အသက် (၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေတဲ့ မြန်မာယူ ၁၈ အသင်းဟာ လာမယ့် ဒီဇင်ဘာလ ၈ရက်နေ့မှ ၂၇ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့သို့ သွားရောက်ကာ ပူးတွဲလေ့ကျင့်ရေးများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ပဏာမ မြန်မာယူ၁၈ အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၆)ရက်နေ့မှ စတင်ကာ ကစားသမား (၅၀)ကျော်ဖြင့် (က)အသင်း၊ (ခ) အသင်းနှစ်သင်းခွဲကာ စခန်းသွင်းလေ့ကျင့်လျက်ရှိပါတယ်။

ယခုသွားရောက်မယ့် တရုတ် ပူးတွဲလေ့ကျင့်ရေးခရီးစဉ်သို့ အဆိုပါ အသင်းနှစ်သင်းမှ အကောင်းဆုံးကစားသမား (၂၅)ဦးနှင့်အတူ အုပ်ချုပ်နည်းပြ (၇)ဦး၊ စုစုပေါင်း (၃၂)ဦးသွားရောက်မှာဖြစ်ပါတယ်။ ရက်(၂၀)ကြာ နေထိုင်စဉ်ကာလအတွင်း ခြေစွမ်းကောင်းမွန်တဲ့ အသင်းများနှင့် အနည်းဆုံး ခြေစမ်းပွဲ ၆ပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

တရုတ်ပူးတွဲလေ့ကျင့်ရေး အပြီးတွင် အဆိုပါ (က)အသင်းနှင့် (ခ)အသင်းတို့အနေဖြင့် Phoenix (ဖီးနစ်)အမည်ဖြင့် MNL 2 နှင့် MNL U20 လိဂ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်အတွက် ဆက်လက်ပြင်ဆင်သွားမှာဖြစ်ပါတယ်။

မြန်မာယူ ၁၈အသင်းရဲ့ နည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူထားပြီး လတ်တလောတွင် MNL ကလပ်အသင်းများ၊ MNL2 မှ ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required