ညစျေးတန်းက စျေးသည်တစ်ချို့ တုန့်ပြန်သံ

ညစျေးတန်းက စျေးသည်တစ်ချို့ တုန့်ပြန်သံ
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ဈေးရောင်းချနေသော ဈေးသည်များကို တွေ့ရစဉ်။ ဓာတ်ပုံ-သက်ကို/မဇ္ဈိမ

အခုတော့ ခါတော်မှီသတင်းတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ အခုနို၀င်ဘာ လ ၂၃ ရက်နေ့ကစတင်ဖွင့်ပေးခဲ့တဲ့ ရန်ကုန်မြိို့ ကမ်းနားလမ်းကညစျေးတန်းအကြောင်းပါ။ အဲဒိလို ဖွင့်လှစ်ပေးခဲ့တဲ့ ညစျေးတန်းနဲ့ပတ်သတ်ပြီး မဇ္ဈိမ စီးပွားရေးသတင်းက စျေးသည်တစ်ချို့ကို တွေ့ဆုံမေးမြန်းတဲ့ အခါမှာတော့ ညည်းညူသံတွေကို ပြန်ကြားခဲ့ရပါတယ်။

စျေးသည် ဒေါ်ဌေးက "ရောင်းကိုမရောင်းချင်ဘူး။ ဘယ်လိုလူမျိုးကလာဝယ်စားကြမလဲ ဒီကားလမ်း နှစ်လမ်းကျော်ပြီး ဘယ်လိုလူမျိုးက လာဝယ်စားမလဲ။ ကိုယ်အသက် အတိုက်ခံရမယ်တဲ့ကြောက်ပြီး   ပြန်လှည့်ကြမှာပေါ့။" လို့ ညည်းညူပါတယ်။

ဒေါ်ကြူကလည်း "ရှစ်ပေလေးပေဆိုတော့ နည်းနည်းရောင်းစားလို့ ရတယ်ဆိုပြီးတော့ မဲလာနှိုက်တာ။ အခုမဲပေါက်ပြီးတော့ ဒီမှာလာကြည့်တော့ ရှစ်ပေကို နှစ်ယောက်ရောင်းရမယ် တစ်ယောက်ကို   လေးပေပဲရတယ်။ လေးပေက တစ်ယောက်လေးပေဆို ဘယ်လိုမှရောင်းလို့ မရဘူး။" လို့ ပြောပါတယ်။

စျေးသည်ဒေါ်ကြူက ငွေတစ်ရာကျပ်တန် အအေးကို ရောင်းချသူဖြစ်ပါတယ်။ သူပြောတဲ့အထဲမှာဆိုရင် သူ့လုပ်ငန်းက ပွင့်လင်းတဲ့ရာသီဥတုကို မှီခိုရတာဖြစ်ပြီး လူတိုင်းအမောပြေသောက်နိုင်အောင် အအေးရောင်းချတာဖြစ်တာကြောင့် သူမအတွက် အချိန်ပိုလိုပြီး အခုသတ်မှတ်ပေးထားတဲ့ အချိန်ကသူမအတွက် အဆင်မပြေဘူးလို့လည်း ပြောပြထားပါသေးတယ်။

အစိုးရသစ်လက်ထက် အသစ်ဖွင့်လှစ်ပေးထားတဲ့ ညစျေးကို ညနေ (၃) နာရီကနေ ည (၁၁) နာရီထိ ဖွင့်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ စျေးသည်တစ်ဦးကို မိမိရောင်းချတဲ့ ကုန်ပစ္စည်းပေါ် မူတည်ပြီး   လေးပေကနေ ရှစ်ပေအထိ နေရာချထားပေးတာလို့ သိရပါတယ်။ နောက်ထပ် ညစျေးတန်းကစျေးသည် တစ်ဦးကိုမေးကြည့်တဲ့ အခါမှာ သူမက အရင်နေရာကိုပဲ ပြန်ပေးပါလို့ အဖြေပေးပါတယ်။

"ကျွန်မတို့ အခုရောင်းရတဲ့ နေရာလေးမှာ လူလည်းမရှိဘူး နေရာလည်းမရှိဘဲနဲ့ ကျွန်မတို့နေရာလေးကို ကျွန်မတို့နေရာလေးပဲ ပြန်ပေးစေချင်တယ်။ ဒါပဲ ကျွန်မပြောချင်တယ် နောက်ပြီးသူများတွေလည်း သူများတွေ ကဏ္ဍနဲ့သူတို့လည်း သူတို့အခက်အခဲတွေ ရှိတယ် သူတို့လည်း သူတို့နေရာလေးကို လိုချင်မှာပဲ ကျွန်မလို ဆန္ဒရှိမှာပဲ ကျွန်မပြောချင်တာဒါပါပဲ" လို့ စျေးသည် မသန်းသန်းဌေးက ပြောပါတယ်။

ဒီလိုအဆင်ပြေပုံ မရတဲ့ စျေးသည်တွေရဲ့ တုန့်ပြန်သံကို ကြားပြီးတော့ တစ်ခါ အဲဒိက တာဝန်ရှိသူတစ်ဦးကို မေးကြည့်တော့

ပန်းပဲတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က "ကျွန်တော်တို့ ရွှေ့တယ်ဆိုတာက ပလက်ဖောင်းပေါ် လမ်းမပေါ်မှာရောင်းတဲ့ စျေးသည်တွေပါ သူဘာသာသူ ဆိုင်ခန်းထဲမှာ စည်ပင်လိုင်စင် ယူပြီးတော့ ဖွင့်တဲ့စျေးသည်တွေက ဆက်ရောင်းလို့ရတယ် ဘယ်ဆိုင်ဖြစ်ဖြစ် ရောင်းလို့ရတယ် တချိုဆိုလို့ရှိရင် ဒီနေရာမှာမို့ သူတို့မဖွင့်ချင်ဘူးဆိုရင် ဟိုမှာ တိုက်ခန်းငှားပြီးတော့ ဆိုင်ခန်းငှားပြီးတော့ ဖွင့်ရင်လည်းဖွင့်လို့ရတယ် အဲဒါမျိုးကရတယ် အဓိကကတော့ ခုနပြောတဲ့ ပလက်ဖောင်းပေါ် လမ်းမပေါ်မှာရှိတဲ့ စျေးသည်တွေကိုရွှေတာပါ။" လို့ ရှင်းပြပါတယ်။

လမ်းဘေးစျေးသည်တွေကြောင့် လူသွားလူလာ အဆင်ပြေစေဖို့နဲ့ ယာဉ်ကြောပိတ်ဆို့မှု ကိုလျော့ကျဖို့ ရည်ရွယ်ပြီး အခုလို ညစျေးတန်းတစ်ခုကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အချို့ လမ်းဘေးစျေးသည်တွေရဲ့ တုန့်ပြန်မှုကလည်းစိတ်မချမ်းသာစရာပါ။

မြို့နယ်လေးမြို့နယ် ဖြစ်တဲ့ လမ်းမတော်၊ လသာ၊ ပန်ပဲတန်း၊ ကျောက်တံတား မြို့နယ်မှာလမ်းဘေးစျေးသည်ပေါင်း ၆၀၀၀ ကျော်ရှိပြီး ပြန်လည်နေရရာချထားပေးနိုင်တာကတော့ ၁၆၀၀ ဝန်းကျင်သာ ရှိတာကြောင့် ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်လေးပုံလေးပုံ တစ်ပုံလောက်သာ ပြန်လည်နေရာချ ထားနိုင်သေးတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required