၈၈ခေါင်းဆောင် ဦးကိုကိုကြီးနှင့် အဖွဲ့ဝင်အချို့ NLD ပါတီမှ ဝင်ပြိုင်မည်

၈၈ခေါင်းဆောင် ဦးကိုကိုကြီးနှင့် အဖွဲ့ဝင်အချို့ NLD ပါတီမှ ဝင်ပြိုင်မည်

ရန်ကုန်(မဇ္ဈိမ) ။ ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင့်လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး အပါအဝင် အချို့အဖွဲ့ဝင်များ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ဇူလိုင် ၁၈ ရက်က အတည်ပြုပြောကြားလိုက်သည်။

ဦးဉာဏ်ဝင်းက "၈၈မျိုးဆက်က ဝင်ပြိုင်မယ့်စာရင်းတစ်ခု သူတို့ ပြုစုပြီးပို့လို့ ကျွန်တော်တို့ရထားပါတယ်၊ NLD အလံအောက်က ရွေးကောက်ပွဲ ဝင်ပြိုင်မှာကို ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ NLDအဖွဲ့ဝင်တွေအတိုင်းပဲ လျှောက်လွှာတွေ တင်ရမယ်။ အဆိုပြုလွှာတွေတင်ရပါမယ်။ ဒီကလုပ်တဲ့လုပ်ထုံးလုပ်နည်းအတိုင်းပဲ အားလုံး လုပ်သွားမှာဖြစ်ပါမယ်။ ၁၀ဦးကျော်ဝင်ရောက်ယှဉ်ပြိုင်ကြပါမယ်”ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအဖြစ် ဦးကိုကိုကြီး အပါအဝင်  ဒေါ်သက်သက်အောင်၊ ဒေါ်မီးမီး၊ ဦးဇော်မင်း၊ ဦးပဏ္ဍိတ်ထွန်းတို့ အပါအဝင် အဖွဲ့ဝင် အချို့  ရွေးကောက်ပွဲဝင်ရန် လျာထားခြင်းဖြစ်ကာ ဦးကိုကိုကြီးက ၂၀၁၅ရွေးကောက်ပွဲကို  တောင်ဥက္ကလာမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် ရန်တင်ပြထား သည်ဟု အရံဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်ဖြူဖြူသင်းကလည်း ဇူလိုင် ၁၈ရက်တွင် မဇ္ဈိမကိုပြောသည်။

ယင်းတို့ထဲမှ ဦးကိုကိုကြီးဝင်ရောက်မည့် မဲဆန္ဒနယ်ကိုသာ သိရှိရသေးပြီး ကျန်သူများ ဝင်ရောက်မည့် မဲဆန္ဒနယ်များကိုမူ မသိ ရှိရသေးပေ။

၈၈ငြိမ်း/ပွင့်အဖွဲ့မှ မမီးမီးက “ကျွန်မက ၈၈မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့ဝင်တစ်ဦးအနေနဲ့ပြောရရင် ၈၈မျိုးဆက်တွေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စဉ်းစားတာကလည်း နိုင်ငံမှာ ပါတီနိုင်ငံရေးပြောင်းလဲမှု ဖြစ်လာချိန်ဖြစ်တယ်၊ အပြောင်းအလဲတစ်ခုမှာ လွှတ်တော်မှာ ခေတ်တစ်ခေတ်ကို သေချာဖြတ်သန်းဖူးတဲ့ ပါတီနိုင်ငံရေးကို သိသင့်သလောက်သိတဲ့ ၈၈မျိုးဆက်တွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်”ဟုဆိုသည်။

၈၈ငြိမ်း/ပွင့်မှ အခြားသောခေါင်းဆောင်များဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးမြအေး တို့မှာမူ ရွေးကောက်ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားသိထားခြင်း မရှိသေးကြောင်းလည်း ဒေါ်ဖြူဖြူသင်းက ပြောထားသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇူလိုင်လ ၂၀ရက်မှ သြဂုတ်လ ၈ ရက်အတွင်း တင်ပြကြရမည်ဖြစ်ပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင်ကျင်းပမည်ဖြစ်ရာ ပါတီများ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags